ကူမင်း-ကျောက်ဖြူရထားလမ်း အစောပိုင်းပြင်ဆင်ရေးကိစ္စများ စတင်ဆွေးနွေး
ကူမင်း-ကျောက်ဖြူ တရုတ်-မြန်မာ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းများစတင်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအကြား အစောပိုင်းပြင်ဆင်မှုများဆွေးနွေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr Zheng Zhihong က ဒီဇင်ဘာ ၂ရက်တွင် ရန်ကုန်မြို Wyndham Grand Yangon ဟိုတယ်တွင်ကျင်းပသည့် တရုတ်-မြန်မာ မီဒီယာပုံမှန်တွေ့ဆုံပွဲပြောကြားသည်။
"ယခုသက်ဆိုင်ရာ ဌာနများက အစောပိုင်းပြင်ဆင်မှုတွေကို ဆွေးနွေးနေပါတယ်။ စီမံကိန်းအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကအရေးကြီးပါတယ်။
ဒီရထားလမ်းဟာ နှစ်နိုင်ငံအတွက် အရေးကြီးတဲ့ စီမံကိန်းဖြစ်ပါတယ်။ နှစ်နိုင်ငံ မဟာဗျူဟာမြောက် စီမံကိန်းလည်းဖြစ်ပါတယ်။ Belt &Road နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွက် အရေးပါတဲ့နေရာ မှာရှိနေပါတယ်။ ဒီစီမံကိန်းကနေ မြန်မာနိုင်ငံရဲ့ စီးပွားရေးနှင့်ယဉ်ကျေးမှုအခြေအနေတွေကို ကောင်းစွာ မြှင့်တင်ပေးနိုင်ပါလိမ့်မယ်” ဟု Dr Zheng Zhihong ကဆက်လက် ပြောသည်။
အဆိုပါတရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးကကြီးမှူး၍ နှစ်လတစ်ကြိမ်ကျင်းပ နေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂ရက်တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး၏ တရုတ်ခရီးစဉ်ကိစ္စ၊ မြန်မာပြည် မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးကိစ္စ၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြကိစ္စ၊ လာမည့် ၂၀၂၅ခုနှစ်တွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅နှစ်ပြည့်အခမ်းအနားများ နှစ်နိုင်ငံစလုံးတွင် နှစ်လုံးပေါက် ကျင်းပသွားမည့်ကိစ္စများ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်းသိရသည်။
NOM