21 ပတ် - ဘာသာပြန်ပါ။

အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)နှင့်(တောင်ကြီး)တို့ကိုစတင်ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသစ်များအား ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသစ်ဖွင့်ပွဲအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံ၊ Physics Lab and Chemistry Lab ခန်း၊ စာသင်ခန်းများ၊ ပုံဆွဲခန်းများ၊ စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းတို့အားကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်မှ ကရင်ပြည်နယ်၌ အင်ဂျင်နီယာလက်မှတ်ရပညာရှင်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်၍ ဂုဏ်ယူမိကာ ပြည်သူလူထုအကျိုးရှိပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်မည့် အခြား သင်တန်းများကိုလည်းဒေသလိုအပ်ချက်နှင့်အညီ ဆက်လက်ဖွင့်လှစ်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ထို့အတူ တောင်ကြီးမြို့၊ တောင်ကြီး-ဟိုပုံးသွားလမ်းမကြီးဘေးရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)ကိုလည်း ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်မှ ရှမ်းပြည်နယ်အတွင်းရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းများနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများသည် ယခု ဖွင့်လှစ်သည့်ကျောင်း၌ ပေါင်းကူးတက်ရောက်ခွင့်ရမည်ဖြစ်ကာ (၃)နှစ်တက်ရောက်ပြီးပါက A.G.T.I ဒီပလိုမာနည်းပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်ကြသူများမှာ နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်တို့တွင် ပေါင်းကူးဆက်လက်ပညာသင်ခွင့်ရရှိမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံ၏လိုအပ်ချက်အပေါ်မူတည်၍ နှစ်အလိုက် အထူးပြုဘာသာရပ်များကိုထပ်မံတိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ ဒေသအတွင်း၌ နိုင်ငံတော်အတွက်လိုအပ်နေသည့် အင်ဂျင်နီယာအတတ်ပညာရှင်များကို မကြာမီစတင်မွေးထုတ်ပေးနိုင်မည်ဟုလည်း ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံကျောင်းများ၊ သက်မွေးပညာ သင်တန်းကျောင်းများနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းပေါင်း(၁၂၈) ကျောင်းရှိကြောင်း သိရသည်။

image