22 hrs - Translate

~~~ အမှတ်တရ ~~~ { ၂ }
#ဂျူး
ညစျေးမှာ စာအုပ်သွား၀ယ်ခြင်း သွားရောင်းခြင်း အမှုကိစ္စတို့၌ မောင့်ကို ဘယ်တော့မျှအားမကိုးခဲ့ ။သူငယ်ချင်းနှင့်အတူ သွားစမြဲ ဖြစ်သည်။ ညစျေးသွားသော နေ့၏ နောက်တစ်နေ့တွင် ကျွန်မတို့ နှစ်ယောက် စိတ်ဆိုး ကြစမြဲ ဖြစ်သည်။
တစ်ခါမှာတော့ မောင်က “ညစျေးက ကောင်တွေက အလကားကောင်တွေ ၊ နင် တစ်နေ့ ဒုက္ခရောက်မယ်” ဟူသော အဓိပ္ပာယ်မျိုး (မောင့်စကား အတိအကျ အတိုင်း မမှတ်မိပါ) ကျွန်မကို ပြောလာသည်။ ကျွန်မက သူငယ်ချင်းဘက်မှ မခံမရပ်နိုင်ဖြစ်ပြီး မောင့်ကို ပြန်အော်မိသည်။
“မောင်နော် သူများကို အသားလွတ် မစော်ကားနဲ့ ထွန်းထွန်းက မောင့်ထက်တောင် ချစ်ကို နားလည်သေးတယ် သိလား”
ဤစကားတစ်ခွန်းသည် မောင့်ကို ပြင်းထန်စွာ နာကျင်စေဟန်တူပါသည်။ မောင်က ကြောက်စရာ ကောင်းလောက်အောင် တောက်တစ်ချက်ခေါက်ပြီး ကျွန်မကို ရိုက်မလို လက်ရွယ်လိုက်သေးသည်။ ပြီးမှ သူ့စိတ်ကိုသူ ပြန်ထိန်းကာ ကျွန်မကို အကြာကြီးငေးမော စိုက်ကြည့် နေခဲ့သည်။
ထိုအခါကျမှ ကျွန်မစကား မည်မျှ ပြင်းထန် စူးရှကြောင်း ရိပ်မိရသည်။ သို့သော် မတတ်နိုင်တော့ပါ။ အခြေအနေအားလုံး လွန်ပြီး ပြီ ၊ ကျွန်မ ငေးကြည့်နေဆဲ မောင်က ပြုံးပြသည်။ မောင့်အပြုံးကို ကျွန်မ မကြည့်ရက်ပါ။
“ကောင်းပြီလေ ၊ ဒါဆိုလဲ မောင့်ထက် နားလည်တဲ့သူနဲ့ ဘာဖြစ်လို့ အတူမနေတာလဲ”
ထိုမျှသာ စကားတိုတိုလေးဆိုပြီး မောင်က ချာခနဲ လှည့်ထွက်သွားသည်။
ကျွန်မ ကြောင် ရပ်မနေဘဲ မောင့်နောက်က ချက်ချင်း အပြေးအလွှား လိုက်သွားခဲ့သည်။ အဲသည်တုန်းကများ ကျွန်မ ဘာလုပ်ရမှန်းမသိဘဲ တငိုငိုတရယ်ရယ် ကျန်နေခဲ့လျှင် မောင်နှင့် ကျွန်မ အလွန်စောစွာ လမ်းခွဲကြရမည် ဖြစ်ကြောင်း ပြန်တွေးမိတိုင်း ယခုတိုင် ရင်ဖို ထိတ်လန့်ဆဲ ဖြစ်သည်။
မှတ်မှတ်ရရ ထိုနေ့က မိုးရွာနေသည်။ မိုးရွာနေမှန်းလည်း ခြံအပြင်ရောက်မှ ကျွန်မတို့နှစ်ဦး သိကြသည်။
မောင်နှင့် ကျွန်မ နှစ်ဦး ဆေးအဖြူသုတ်ထားသော တံတားလေးပေါ်၌ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်ကို ရေနီမြောင်းထဲမှ ချာတိတ်ကလေး နှစ်ဦးက အထူးအဆန်းသဖွယ် ကြည့်နေကြသည်။
“မောင် ဘယ်မှ မသွားပါနဲ့ ၊ ချစ်ကို သနားပါဦးကွယ်”
“ခင်ဗျားကို နားမလည်တဲ့သူနဲ့ ဘာဖြစ်လို့ ဆက်နေချင်ရတာလဲ ၊ သွားပါစေပေါ့”
“မဟုတ်ဘူး ၊ ချစ် နောက်ကို မောင်မကြိုက်တာ ဘာတစ်ခုမှ မလုပ်တော့ပါဘူး အိမ်ထဲ ပြန်လိုက်ခဲ့ပါနော် ၊ မကျေနပ်ရင် ချစ်ကို ရိုက်ပစ်ပါ”
မောင် ကျွန်မကို ဘယ်တုန်းကမှ မရိုက်ဖူးပါ။ မိုးစိုရွှဲမှန်း ယခုမှ သတိရသွားသော မောင်သည် မကောင်းတတ်၍ လိုက်လာရသော အမူအရာမျိုးဖြင့် ကျွန်မ ဘေးနားမှ ပါလာသောကြောင့် ကျွန်မ ပျော်မိသည်မှာ ဘာနှင့်မျှ နှိုင်း၍ ရမည်မထင်ပါ။ အခန်းပြန်ရောက်တော့ ငူငူငိုင်ငိုင်ကြီး မတ်တပ်ရပ်နေသော မောင့်ရဲ့ အ၀တ်စိုတွေ ကျွန်မက ချွတ်ပေးလိုက်သည်။ လုံချည်ဆွဲချွတ်မည် ဟန်ပြင်တော့ မောင်က ကမန်းကတန်း ပြန်ဆွဲထားပြီး…..
“ကလေးမဟုတ်ဘူး ၊ ကိုယ့်ဘာသာကိုယ်လဲမယ်”
ခပ်ငေါက်ငေါက်ဆိုသည်။
မောင်ပုဆိုးလဲပြီးသောအခါ ကျွန်မက မောင့်ရေစိုအ၀တ်များကို အခန်းအပြင်က ကြိုးတန်းမှာ သွားလှမ်းသည်။ ပြန်လာသည်အထိ မောင်ကတော့ မတ်တပ်ရပ်၍ မျက်မှောင်ကြုတ် နေဆဲ။ ကျွန်မ မျက်နှာသုတ်ပုဝါကို ယူ၍ မောင့်ဆံပင် ရေစိုများကို ခြေဖျားထောက်ပြီး မမီတမီ လှမ်းသုတ်ပေးသည်။ မောင်က မျက်နှာထား အနည်းငယ်မျှ မလျှော့ပါ။
အခါတိုင်းသာဆိုလျှင် “ပုလိုက်တဲ့ အရပ်နော်” ဟု ကျွန်မကို စတတ်သော်လည်း ယခုအခါ အလွန် ငြိမ်သက်တွေဝေနေသည်။
“နေပါစေ ၊ ခင်ဗျား ဆံပင်တွေလည်း စိုနေတာပဲ ၊ ကိုယ့်ဟာကိုယ်သုတ်”
တည်ငြိမ်သော မျက်နှာထားနှင့် ခပ်ဆတ်ဆတ် ပြောလိုက်သောကြောင့် ကျွန်မစိတ်ထဲ အမြင်ကတ်လာမိသည်။ သို့သော် ကျွန်မက ချော့ပြီဆိုလျှင် စိတ်ရှည်လက်ရှည် ချော့တတ်သူ မဟုတ်လား။
“မောင်က ချစ်ကို မုန်းသွားပြီလား ဟင်”
မောင့် မေးစေ့ လုံးလုံးလေးကို ဆွဲညှစ်၍ မေးလိုက်သောအခါလည်း မောင် ကျွန်မကို ငုံ့ကြည့်ပြီး ဘာမှ ပြန်မပြောပါ။
“ချစ်ကို ခွဲမသွားရဘူးနော် မောင်”
“နောက်ကို မောင် မကြိုက်တာ ဘယ်တော့မှ မလုပ်တော့ဘူးနော် နောက်တစ်ခါ လုပ်ရင် သတ်ပစ်လိုက်”
မောင် ခုတင်ပေါ်သို့ ခပ်ဖြေးဖြေး ထိုင်ချလိုက်သည်။ ကျွန်မကို အကဲခတ်သလို မျက်နှာချင်းဆိုင်၍ ကြည့်နေသည်။ ကျွန်မက မောင့်ကို တအား ဖက်တွယ်ပြီး မောင့်ပါးကို နမ်းလိုက်သည်။ မောင် မပြုံးပါ။ ရုန်းလည်း မရုန်းပါ။ ထို့နောက် မောင့်နှုတ်ခမ်းကို ကျွန်မ နမ်းပါသည်။ ပထမတော့ မောင် ခပ်တည်တည် ငြိမ်သက်နေသေးသည်။ နောက်ပိုင်း ကျွန်မ မျက်နှာကို တွန်းဖယ်လျှက် ပြုံးလာပါသည်။
မောင် ဘာပြောတော့မည်ကို သိနေသော ကျွန်မကလည်း မောင့်ကို တအားပြန်ဖက်၍ မောင့်နှုတ်ခမ်းကို နမ်းပြန်သည်။
“ဖယ်ပါကွာ ၊ နမ်းလဲ မနမ်းတတ်ဘဲနဲ့”
“အံမာ … နမ်းတတ်ပါ့”
မောင် မနေနိုင်တော့ပါ။ ကျွန်မကို တင်းကျပ်နေအောင် ဖက်ပွေ့ပြီး အသံထွက်အောင် ရယ်မောနေပါတော့သည်။ မောင် စိတ်ကောက်ပြေနေပါပြီ။
“တော်တော်အူတဲ့ ကောင်မလေး”
မောင်က ကျွန်မကို ရင်ခွင်ထဲ မြုပ်နေအောင် ဖက်ထားရင်း ရယ်သံဟဟနှင့် စသည်။ ကျွန်မ မနမ်းတတ်သည်ကို ရည်ရွယ် ပြောခြင်း ဖြစ်ပါသည်။
“ဟုတ်ပါရဲ့နော် ၊ နမ်းတယ်ဆိုတာ ဒီလောက်ခက်မှန်း ရည်းစားထားမှ သိတော့တယ်”
“အို … ဘယ်မှာခက်လို့လဲ ၊ နင်ကိုက အ တာ …. တုံးတာ”
ပြောပြီး မောင် တဟားဟား ရယ်သောအခါ ကျွန်မ သိပ်ရှက်သွားခဲ့ပါသည်။
~~~~~~~
အခန်း ၃ ဆက်ရန်>>>>

image