သူငယ်ချင်း မောင်သာနိုး(သို့)ကျောင်းသားခေါင်းဆောင်စာရေးဆရာ၊ ကဗျာဆရာ
( ၅ )
မန္တလေးတက္ကသိုလ်ကျောင်းသားအဖြစ် လွန်မြောက်ခဲ့ပြီးနောက် ၁၉၇ဝ ပြည့် နှစ်မှာတော့ ကိုသာနိုးနဲ့ ကျွန်တော်တို့နှစ်ယောက်ကို သမိုင်း၊ မဟာဝိဇ္ဇာကျောင်းသား များအဖြစ် ဆရာပါမောက္ခဒေါက်တာသန်းထွန်းက ကိုယ်တိုင်သင်ပေးပါတယ်။ ကျွန်တော်တို့နှစ်ယောက်တည်းနဲ့ အတန်းတစ်တန်းအဖြစ် သတ်မှတ်ပြီး သင်ကြား ပို့ချခဲ့တာပါ။ အဲဒီတုန်းက စိုက်ပျိုးရေးတက္ကသိုလ် မြန်မာစာဌာနမှာ ကျွန်တော်က ဆရာတစ်ဦးအဖြစ် ထမ်းဆောင်နေတုန်းပါ။ အဲဒီလိုနေရင်းနဲ့ သမိုင်းမဟာဝိဇ္ဇာ တန်းကို တက်ရောက်သင်ယူနေကြတာပါ။ အဲဒီအချိန်မှာပဲ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်က မိမိတို့ ဆရာအဖြစ်သင်ကြားပို့ ချနေတဲ့ ဘာသာရပ်ကိုသာ မဟာဝိဇ္ဇာတန်းသားအဖြစ် သင်ယူခွင့်ရှိပါတယ်။ မိမိသင်ကြားပို့ချနေတဲ့ ဘာသာရပ် မဟုတ်တဲ့ တခြားဘာသာရပ်ကို မတက်ရောက် မသင်ရဘူးဆိုတဲ့ အမိန့်ပါပဲ။ အတန်းဖော်ဆိုလို ့ အဲဒီတုန်းက ကိုသာနိုးအတွက်လည်း ကျွန်တော်၊ ကျွန်တော့် အတွက်လည်း ကိုသာနိုးသာ ရှိခဲ့ကြပါတယ်။
ကိုသာနိုးရော ကျွန်တော်ပါ တက္ကသိုလ်ကျောင်းသားဘဝ ၁၉၆၂ ခုနှစ်မှာ ပြီးဆုံးခဲ့ကြပါပြီ။ အဲဒီ ကျွန်တော်တို့ ကျောင်းနေဆဲကာလမှာ အစိုးရကလည်း ပါလီမန်ဒီမိုကရေစီ အစိုးရပါပဲ။ ဒါပေမဲ့ ကိုသာနိုးကတော့ မကြာခဏ ထောင်အချ ခံရပါတယ်။ ဖမ်းမယ်ဆိုတဲ့သတင်းကိုလည်း ကြိုတင်ရရှိကြပါတယ်။ လာဖမ်းမယ့် ညဦးမှာ တပ်ဦးရဲဘော်တချို့နဲ့ သမဂ္ဂအမှုဆောင်တွေကို သမဂ္ဂအဆောက်အအုံမှာ စုဝေးစေပြီး ကိုသာနိုးက မှာကြားစရာတွေကို အသေးစိတ်မှာကြားပါတယ်။ တစ်ဦး စီရဲ့ အားနည်းချက်တွေကိုလည်း သူက ထောက်ပြပါတယ်။ သူမရှိတုန်း၊ မရှိခိုက် မှာ တာဝန်ကိုယ်စီကျေကြဖို့၊ ကိုယ်ကျင့်သိက္ခာ မပျက်မယွင်းကြဖို့ အလေးအနက် မှာနေတာပါ။ ဥပမာပြောရရင် ခရီးဝေးသွားမယ့် မိဘတွေက သားသမီးတွေကို မှာကြားနေသလိုပါပဲ။ သူ့မှာကြားချက်တွေကို အဆုံးသတ်ပြီးတာနဲ ့ သူ့နာရီကို ကြည့်တယ်။ ပြီးတော့ “ရဲဘော်တို့ ကိုယ့်အခန်းကို ကိုယ်ပြန်ကြတော့၊ တာဝန်ကျေ ဖို့တော့ မမေ့ကြနဲ့”လို့ နှုတ်ဆက်လိုက်ပါတော့တယ်။ ဖမ်းမယ့်သူတွေကလည်း သန်းခေါင်ကျော် နာရီပြန်နှစ်ချက်မှာ သမဂ္ဂအဆောက်အအုံကိုလာပြီး ဖမ်းသွားကြပါ တော့တယ်။ အဲဒီအဖြစ်အပျက်ကို ဒီနေ့ထိလည်း မမေ့နိုင်သေးပါဘူး။ တက္ကသိုလ် ကျောင်းသားဘဝ နိဂုံးချုပ်ပြီးတော့ အလွတ်ပညာသင်ကျောင်းတွေမှာ ကိုသာနိုး ကလည်း အင်္ဂလိပ်စာဆရာအဖြစ် ကျွန်တော်ကလည်း မြန်မာစာဆရာအဖြစ်နဲ့ တာဝန်ထမ်းကြပါတယ်။ ကိုသာနိုးရော ကျွန်တော်ပါ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းကြီးမှာ ကိုသာနိုးက အတွင်းရေးမှူး၊ ကျွန်တော်က အမှုဆောင်အဖြစ်နဲ့ ဆက်လက်ပြီး စာပေခရီး ဆန့်ကြရပြန်ပါတယ်။ တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင်၊ မောင်ပေါက်စည်၊ မောင်စောလွင်၊ ဝင်းကြွယ်(ကသာ) စတဲ့သူငယ်ချင်းတွေလည်း အထက်ဗမာနိုင်ငံစာရေးဆရာအသင်းမှာ စာပေတာဝန်တွေကို တပျော် တပါးကြီး ဆက်လက်ဆောင်ရွက်နေခဲ့ကြပါတယ်။
နောက်တော့ ကျွန်တော်တို့အားလုံးလိုလို ရန်ကုန်ကိုပြောင်းလာခဲ့ကြပါတယ်။ ကိုသာနိုးကလည်း အင်္ဂလိပ်စာ တကယ်လိုချင်၊ တကယ်တော်ချင်သူတွေအတွက် အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းဖွင့်ပြီး သင်ကြားပို့ချပါတယ်။ ဖွင့်လိုက်တဲ့ တန်းခွဲ တိုင်းမှာလည်း တက်ရောက်သင်ယူသူတွေအပြည့်ပါ။ အဲဒီသင်တန်းကို တက်ချင်ရင် တစ်နှစ်၊ နှစ်နှစ်လောက်စောပြီး စာရင်းသွင်းကြရပါတယ်။ သင်ယူချင်တဲ့သူတွေက လက်ခံပြီးသင်နိုင်တဲ့ဦးရေထက် အမြဲတစေပိုနေတတ်ပါတယ်။ သင်တန်းဆင်းပြီး သူတိုင်းကလည်း မတင်းတိမ်၊ မရောင့်ရဲနိုင်ကြလို့ အကြိမ်ကြိမ် ထပ်မံသင်ယူသူ တွေလည်း အများကြီးပါ။ ၂ဝ၂၂ ခုနှစ်ရဲ့ ဇူလိုင်လ ၁၂ ရက်နေ ့မှာတော့ ဆရာ တစ်ယောက်လို လေးစားပြီး သူငယ်ချင်းတစ်ယောက်လို ချစ်ခင်ရတဲ့ ကိုသာနိုးလည်း ခရီးဝေးကြီးကို ထွက်ခွာသွားခဲ့ပါပြီ။ သူငယ်ချင်းတွေနဲ့အတူ လိုက်ပါပို့ဆောင်ကြဖို့ လူစုလိုက်တော့ ကျွန်တော်တစ်ယောက်တည်းသာ ရှိပါတော့တယ်။ ကျန်တဲ့ သူငယ် ချင်း အများစုကတော့ ကိုသာနိုးထက်စောပြီး ကြွေလွင့်သွားကြရရှာပါပြီ။
အာရှတိုက်ရဲ့ အလင်းရောင်မှာ ကိုသာနိုး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နဲ့ သုဂတိဘုံမှာ ခိုလှုံနေတော့မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။
ဂုဏ်ထူးဦးသိန်းနိုင်
၈ - ဇန်နဝါရီ - ၂၀၂၃
တနင်္ဂနွေနေ့၊ ၃ နာရီ ၂၈ မိနစ်