21 w - Translate

~~~ အမှတ်တရ ~~~ { ၂ }
#ဂျူး
ကျွန်မကို မောင်စိတ်ကောက်လျှင် ပိုက်ဆံ ပြတ်နေစေကာမူ နေ့လယ်စာကို ကျွန်မနှင့် အတူ မစားတော့ပါ။ အဆောင်နေ သူငယ်ချင်း တစ်ယောက်ယောက်ထံမှာ သွားစားလျှင် စားမည်။ သို့မဟုတ် တစ်ကျပ်လောက်မှ မရှိတော့လျှင် ၀င်းသီတာ လက်ဖက်ရည်ဆိုင်မှာ အကြွေး သွားသောက်မည်။ ပြီး ဘယ်သူနှင့်မျှ စကားမပြောဘဲ ဆေးရုံဆင်းစရာ ရှိလျှင် သွားမည်။ အတန်းမရှိတော့လျှင် နန်းရှေ့သို့ ပြန်လာပြီး သူ့အခန်းကျဉ်းလေးထဲက ခုတင်ပေါ်မှာ မှောက်လျက် လှဲအိပ်ပြီး ကျွန်မ လာအချော့ကို စောင့်နေမည်။
မောင်စိတ်ကောက်ပြီဆိုလျှင် ကျွန်မ ညနေစာ ထမင်းယူထားဖို့ သူငယ်ချင်းကို မှာပြီး နန်းရှေ့သို့ အလျင်ဆုံး လာခဲ့ရတတ်၏။
“မောင် နေ့လယ်က ဘာစားလဲ”
မောင် မဖြေပါ။ ကျွန်မက မောင့်အတွက် ယူလာသော ကျိုင်းတုံပေါင်မုန့်ကို ထောပတ်သုတ်၍ သကြားဖြူးကာ မောင့်ကို ကျွေးပါသည်။ မောင်သည် ပေါင်မုန့် ထောပတ်သုတ်ကို အလွန်ကြိုက်သည်။ တစ်ခါလောက် ကျွေးရုံနှင့် မောင်စားမည် ထင်လျှင် မှားသွားလိမ့်မည်။ မောင်သည် တစ်ခါတစ်ရံ စိတ်ရှည်လက်ရှည် ကောက်နေတတ်၏။
“မောင် ဆာနေမှာသိလို့ ၀ယ်လာတာ စားနော်”
သည်လောက်နှင့် မောင် စိတ်ကောက် မပြေတတ်ပါ။
“ကဲ … ကဲ …. နောက်တစ်ခါဆိုရင် မောင်မကြိုက်ဘဲ တစ်ယောက်တည်း ရုပ်ရှင်သွား မကြည့်တော့ဘူးနော်”
မောင် စိတ်ကောက်မည် ဆိုလျှင်လည်း ကောက်ချင်စရာ ၊ ကျွန်မသည် ရုပ်ရှင် ကားတစ်ကားကို ကြိုက်ပြီဆိုလျှင် မည်ကဲ့သို့ အခက်အခဲမျိုး ရှိနေပါစေ ၊ ကြည့်ဖြစ်အောင် ကြည့်တတ်ပါသည်။ မောင်နှင့် ကျွန်မ အဖွဲ့ချင်း မတူသဖြင့် အားလပ်ချိန်ခြင်းလည်း မတူပါ။
ကျွန်မ အားလပ်ချိန်တွင် မောင်က ဆေးရုံမှာ ကျူတိုရီယယ် ရှိချင်ရှိမည်။ လက်ချာ ရှိချင်ရှိမည်။ သို့မဟုတ် အောင်ဆန်းဆောင်မှာ ဖဲဝိုင်း ဖြစ်ချင် ဖြစ်နေမည်။ ကျွန်မကတော့ ကျွန်မ အားလပ်ချိန်ဆိုလျှင် အဖော်တစ်ယောက်ယောက် ခေါ်၍ ရုပ်ရှင် သွားကြည့်ပစ်လိုက်တာ ပါပဲ။ အဖော်လိုက်မည့်သူ မရှိလည်း ကျွန်မ တစ်ယောက်တည်း သွားကြည့်သည်။ ထိုအခါ မောင်က အရမ်းစိတ်ဆိုးသည်။
ပထမနှစ်ကတည်းက ခင်မင်ရင်းနှီးလာသော ကျွန်မနှင့် ဝါသနာတူ ၊ စရိုက်တူ ယောကျာ်းလေး သူငယ်ချင်းနှင့် တမေ့တမြော လက်ဖက်ရည်ဆိုင်မှာ စကားပြောဖြစ်ကြလျှင်လည်း မောင် စိတ်ကောက်မည်။
“မိန်းကလေးကိုက မိန်းကလေးနဲ့ မတူဘူး” ဟု ပြစ်တင်ရှုတ်ချမည်။
“မသင့်တော်တာဆို သိပ်လုပ်ချင်တယ် ၊ နည်းနည်းမှ ထ်ိန်းသိမ်း မှု မရှိဘူး” ဟု လူကြီး တစ်ယောက်လို မပြီးနိုင် မစီးနိုင် အပြစ်ဆို နေတော့သည်။
“ရိုးရိုးသားသား စကားပြောတာပဲ ဥစ္စာ မောင်ကလဲ ၊ သူ့မှာ လဲ ရည်းစားနဲ့ မောင်လဲ အသိ” “မရှည်နဲ့ …. ” တဲ့ ။
ကျွန်မ က အနည်းငယ် စိတ်ကောက်ဖို့ ကြံရွယ်ဆဲ သူက အလျင် စိတ်ကောက်လေသည်။
“တကယ်ပါပဲတော် ၊ ပထမနှစ်ကတည်းက ခင်လာတာ အခုပဲ ခုနှစ်နှစ် ရှိပြီ။ သူနဲ့ ရည်းစားဖြစ်မှပဲ ချုပ်ချယ်တာ ခံရတော့တယ် ၊ မကြုံဖူးပါဘူး ။ ခင်စန်း၀င်းကဖြင့် ၀င်းမြင့်ထွန်းကို စိတ်မကောက်ပါဘူး ၊ သူပဲ ငါ့ကို ကောက်ကောက်နေတော့တာပဲ”
ကျွန်မက သူကြားလောက်အောင် သိပ်လည်း မကျယ်အောင် အသံ ခပ်တိုးတိုးဖြင့် တတွတ်တွတ် ညည်းညူလျှင်လည်း သူကတော့ မကြားဟန် ဆောင်နေတာပါပဲ။
“ဘာတွေများ အရေးတကြီး ပြောစရာရှိလို့ နှစ်နာရီ သုံးနာရီ ကြာအောင် ထိုင်နေကြတာလဲ”
မောင်သည် ကျွန်မကို ယောကျာ်းလေး သူငယ်ချင်းနှင့် ပတ်သက်လျှင် အနည်းငယ်မျှ စိတ်မချတတ်ပါ။ မောင့်ကို ကျွန်မ ချော့ရသော နည်းလမ်းများမှာ မမှတ်မိလောက်အောင် များပြားခြင်း မရှိပါ။ ကျွန်မသည် တစ်ခါတစ်ရဲ ချော့နည်း တစ်ခုတည်းကိုသာ ထပ်တလဲလဲ သုံးတတ်ပါသည်။ ပေါင်မုန့်ထောပတ်သုတ်ကျွေး၍ ချော့သော အခြေအနေသည် သိပ်မဆိုးရွားသော ပဋိပက္ခ နည်းနည်းကြီးသောကြောင့် ဖြစ်သည်။
သိပ်စိတ်ဆိုးလျှင် မောင်သည် ထမင်းပန်းကန်များ ချိုင့်များကို ပစ်ပေါက်ရိုက်ခွဲ တတ်သေးသည်။ တစ်ခါတုန်း ညစျေးတန်း စာအုပ်အရောင်းဆိုင်မှ ယောကျာ်းလေး သူငယ်ချင်းတစ်ယောက်နှင့် ပတ်သက်၍ အကြီးအကျယ် စကားများခဲ့ဖူးသည်။ ကျွန်မကတော့ ဤ ကိစ္စနှင့် ပတ်သက်၍ ကျွန်မအပြစ်မဟုတ်ဟု အမြဲ ယုံကြည်၏။
မောင်သည် စျေးချိုဖြစ်စေ ၊ တရုပ်တန်း ညစျေး ဖြစ်စေ ကျွန်မကို ဘယ်တော့မှ လိုက်မပို့တတ်ပါ။ မောင်က တစ်မျိုးပါပဲ ။ မောင့်အတွက် စပို့ရှပ် ၀ယ်လျှင်တောင် မောင် ဘယ်တော့မှ မလိုက်ချင်တတ်။ ထို့ကြောင့်လည်း စျေးသွားလျှင် မောင့်ကို မခေါ်ဖြစ်ခဲ့ပါ။
#ဆက်ရန်ရှိ

image