သူငယ်ချင်း မောင်သာနိုး(သို့)ကျောင်းသားခေါင်းဆောင်စာရေးဆရာ၊ ကဗျာဆရာ
(၄)
မန္တလေးတက္ကသိုလ် ကျောင်းသားတပ်ဦးညီလာခံမှာ ကျွန်တော်က “ဒီမိုကရေ စီပညာရေး”ကို အဆိုတင်သွင်းဖို့ကိုလည်း ကိုသာနိုးကပဲ တာဝန်ပေးတာပါ။ ဒါပေမဲ့ အဲဒီညီလာခံမှာ အစွန်းရောက်နေတဲ့ ကျောင်းသားတစ်စုက “ပြည်သူ့ ပညာရေးအဆို”ကို တောင်းဆိုဖို့ တင်လာကြပြန်ပါတယ်။ အဆိုက နှစ်မျိုးဖြစ်နေ လေတော့ မဲခွဲဆုံးဖြတ်ဖို့ ဖြစ်လာပါတော့တယ်။ မဲခွဲရင် အနိုင်အရှုံးပေါ်ရတော့မယ်။ အဲဒီလို အနိုင်အရှုံးပေါ်လာရင် တစ်ယူသန်အစွန်းရောက် ကျောင်းသားတစ်စုနဲ့ ကွဲကြ၊ ပြဲကြ ဖြစ်ပါတော့မယ်။ ဒါကြောင့် ဒီမိုကရေစီပညာရေး၊ ပြည်သူ့ပညာရေးတို့ထက် စည်းလုံးညီညွတ်မှုက ပိုပြီးအရေးကြီးလို့ ကျွန်တော်က ကျွန်တော့်ရဲ့ ဒီမိုကရေစီ ပညာရေးအဆိုကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ ကျွန်တော် ရုပ်သိမ်းလိုက်စဉ်မှာပဲ ဒီမိုကရေစီပညာရေးအဆိုကို ကိုသာနိုးက ထပ်ပြီးတင်ပါတယ်။ ကျွန်တော့်ကိုလည်း မကျေမနပ်ဖြစ်နေပါတယ်။ ဒါနဲ့ပဲ အဆိုကို မဲခွဲကြတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ပညာရေးအဆိုကပဲ မဲအပြတ်အသတ်နဲ့ နိုင်ပါတယ်။ တစ်ယူသန်တစ်စုကတော့ ညီလာခံကို သပိတ်မှောက်ပြီး ထွက်ခွာသွားကြပါတော့တယ်။ ဒီလိုနဲ့ပဲ “တပ်ဦးနဲ့ တပ်ဦးသစ်”ရယ်လို့ နှစ်ခြမ်းကွဲသွားပါတော့တယ်။
တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းကော်မတီဖွဲ့ရာမှာလည်း အရင်က မရှိဖူး သေးတဲ့စာတည်းချုပ်ဆိုတဲ့တာဝန်ကို တီထွင်ပြီး ကျွန်တော့်ကို တာဝန်ယူဖို့ တာဝန်ပေးပြန်ပါတယ်။ ဒါကြောင့် ကျွန်တော်က နှစ်ပတ်လည်မဂ္ဂဇင်းကော်မတီမှာတာဝန်အကြီးဆုံးဖြစ်တဲ့ စာတည်းချုပ်ဖြစ်လာရတာပါ။ အဲဒီကော်မတီမှာ မောင်စွမ်း ရည်က အတွင်းရေးမှူးပါ။ မောင်စွမ်းရည်က သူ့ရဲ့အဓိကတာဝန်ဖြစ်တဲ့ အတွင်း ရေးမှူး အလုပ်ကိုလည်း လုပ်ပါတယ်။ အလွတ်ပညာသင်ကျောင်းတွေမှာ ကျွန်တော် က မြန်မာစာဆရာအဖြစ် စက်ဘီးတစ်စီးနဲ့ ဟိုကျောင်း၊ ဒီကျောင်းတွေကို လှည့် လည် သင်ကြားနေရတာပါ။ ဒါကြောင့် မောင်စွမ်းရည်က ကျွန်တော့်တာဝန်တွေ ကိုပါ မညည်းမညူ ဆောင်ရွက်ပေးပါတယ်။
၁၉၅၈ ခုနှစ် ကျောင်းသူ၊ ကျောင်းသားများရဲ့ ပညာရေးနှီးနှောဖလှယ်ပွဲ ကြီးကို ရန်ကုန်တက္ကသိုလ် ဘွဲ့ နှင်းသဘင်ခန်းမမှာ တခမ်းတနား ကျင်းပခဲ့ကြပါ တယ်။ အဲဒီပွဲမှာလည်း မန္တလေးတက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်တွေကို ကိုသာနိုးကပဲ ခေါင်းဆောင်ခဲ့တာပါ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ အလုပ်အမှုဆောင်အားလုံးကလည်း ကိုသာနိုးကို တလေးတစား ဆက်ဆံခဲ့ကြတာကို သတိထားလိုက်မိပါတယ်။ ခေါင်းဆောင်ပီသတဲ့ ကိုသာနိုးကို တစ်ကျောင်းတည်းနေ တစ်ရေတည်းသောက် ပညာရေးခရီးကို အတူလျှောက်ခဲ့ကြသူတွေမို့ သူငယ်ချင်းလို့ ဆိုရပေမဲ့ ခေါင်းဆောင်တစ်ဦးအဖြစ်လည်း ကျွန်တော်တို့အားလုံးက လေးစား ခဲ့ကြတာပါ။
#ဆက်ရန်ရှိ