နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းသည့် အနာဂတ်နှင့် ကောင်းမွန်သည့်ပစ္စုပ္ပန်တည်ဆောက်ရာတွင် စာပေပညာရှင်ကြီးများ၏ အားသည်အလွန်အရေးပါဟု နစက ဥက္ကဋ္ဌပြော
နစက အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကိုကြိုးစားတည်ဆောက်လျက်ရှိရာတွင် စာပေပညာရှင်ကြီးများ၏ အားသည်အလွန်အရေးပါကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းမှ ယနေ့ ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC(1)၌ကျင်းပသည့် (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" စာပေပညာရှင်ကြီးတွေရဲ့အားက အလွန်အရေးပါသလို ကောင်းကျိုးများစွာရရှိနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ နိုင်ငံတော်အနေနဲ့ စာပေအနုပညာကဏ္ဍအသီးသီးက ပညာရှင်တွေရဲ့အနုပညာကို အရည်အသွေးမြင့်မားစွာ၊ လွတ်လပ်စွာဖန်တီးပုံဖော်နိုင်ရေးကို တတ်စွမ်းသမျှ အားပေးကူညီဖြည့်ဆည်းပေးနေပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
လက်ရှိအချိန်၌ စာပေပညာရှင်များနှင့် စာပေလောကအကျိုးကိုဖြည့်ဆည်းပေးမည့် “စာဆိုဗိမာန်” အဆောက်အအုံအား အိန္ဒိယနိုင်ငံအစိုးရနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာ စာအုပ်စာပေထုတ်ဝေရေးကဏ္ဍတွင်လည်း နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး စာပေ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်နိုင်ရန် တတ်နိုင်သည့်ဘက်မှဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။
" အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ ပြည်ထောင်စုကြီးကို အဘက်ဘက်ကဖွံ့ဖြိုးတိုးတက်စေဖို့၊ ထာဝရငြိမ်းချမ်းရေးရရှိဖို့၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ဖို့တွေမှာ စွမ်းရည်ပြည့်စုံထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်တွေရှိဖို့လိုအပ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် ယနေ့အချိန်တွင် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများမြှင့်တင်ပေးရမည်ဖြစ်ရာ လိုအပ်သည့် အာဟာရမှာ စာပေလေ့လာဖတ်ရှုခြင်းဖြစ်၍ စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသိုမှီးကြရမည်ဖြစ်ရာ ယခင်ကထုတ်ဝေခဲ့သည့် စာကောင်းပေမွန်များကို မျိုးဆက်သစ်လူငယ်များလေ့လာနိုင်ရန် ပြန်လည်ထုတ်ဝေသင့်သည်ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။