ရန်ကုန်တိုင်းအတွင်း ဒေါ်လာ ၇ သန်းခွဲကျော်နှင့် ကျပ်သန်း ၁,၅၀၀ တန်ဖိုးရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉ ခု အတည်ပြု
နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်လာ ၇ သန်းခွဲကျော်နှင့် ကျပ်သန်း ၁,၅၀၀ တန်ဖိုးရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉ ခုအား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၁၁/၂၀၂၄)တွင် အတည်ပြုပေးခဲ့သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ စက်မှုလုပ်ငန်းနှင့်ဝန်ဆောင်မှုလုပ်ငန်းတို့တွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၈ ခုတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အတည်ပြုပေးခဲ့သည့် လုပ်ငန်းအမျိုးအစားများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ရာနှုန်းပြည့်ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Wool Fiber & Yam ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဆံပင်အတုအမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်မျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ စက္ကူတံဆိပ်ရိုက်ခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်း၌ ရာနှုန်းပြည့်ရောင်းချမည့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော ပလတ်စတစ်အိတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ်သန်း ၁,၅၀၀ (ကျပ်တစ်ဘီလျံခွဲ)နှင့် ဒေါ်လာ ၇ ဒသမ ၆၉၀ သန်းတန်ဖိုးရှိပြီး ပြည်တွင်းအလုပ်သမား ၅,၂၅၅ ဦးအတွက် အလုပ်အကိုင်များဖန်တီးပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍသို့ လက်ရှိတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်နေပြီး အော်ဒါအဓိကမှာယူနေသည့်နိုင်ငံများမှာ ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများဖြစ်သည့်အပြင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှလည်း ဝယ်ယူမှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး