ရုရှား၏ သဘာဝရွက်ဖျန်းအားဆေးစက်ရုံစီမံကိန်း နေပြည်တော်တွင် စတင်တည်ဆောက်မည်

နိုဝင်ဘာ ၂၈

ရုရှားနိုင်ငံ RC Investments က သဘာဝရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံကို တစ်နှစ်အတွင်း နေပြည်တော်၌ အပြီးတည် ဆောက် သွားဖွယ်ရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က NP News သို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၄)ရက်က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့်(၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံတွင် သဘာဝရွက်ဖျန်း အားဆေးရည်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရေးနှင့် သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (MOU)ကို လက်မှတ်ရေးထိုး‌ခဲ့ကြောင်း သိရသည်။

“လုပ်နေတာ ဘယ်အထိရောက်ပြီလဲလို့ပြောရမယ်ဆိုရင် နှစ်နိုင်ငံအဆင့်သဘောတူညီချက် စာချုပ်ချုပ်တာတော့ ပြီးပါပြီ။ သူက ရင်းနှီးမြုပ်နှံမှုဖြစ်တယ်။ ပြီးရင် နေပြည်တော်မှာ တည်မှာဆိုတော့ ကော်မရှင်တင်တဲ့ Process လုပ်နေတယ်။ အခု စက်ရုံမပြီးခင် သူတို့က သဘာဝဆေးရည်ကို တင်သွင်းပြီးတော့ စမ်းသပ်တာတွေလုပ်နေပါတယ်” ဟု ဦးခန့်ဇော်က ပြောသည်။အဆိုပါ သဘာဝရွက်ဖျန်း အားဆေးရည် ထုတ်လုပ်မည့်စက်ရုံကို နေပြည် တော် ကောင်စီနယ်မြေ၊ ပျဉ်မနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်စည်ပင်နယ်မြေဧရိယာအတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အခု စဆောက်မှာကတော့ အသေးစားပဲ ဖြစ်ဦးမှာပါ။ နေပြည် တော်မှာ စတည်ပြီးရင် ရေရှည်မျှော်မှန်းထားတာတော့ နောက်ကျရင် မန္တလေးတိုင်းမှာ လုပ်ဖို့။ ဧရာဝတီတိုင်းထဲမှာ လုပ်ဖို့။ ပဲခူးတိုင်းစသဖြင့် ဆက်သွားမယ့် Plan လေးတွေရှိပါတယ်။ စက်ရုံကတော့ မတည်ဆောက်ရသေးပါဘူးဗျ။ ရင်းနှီးမြှုပ်နှံမှုကိစ္စအတည်ပြုပြီးရင် ဆက်လုပ်တော့မှာပါ။ စက်ရုံကဆောက်ရင်တော့ မကြာဘူးဗျ။ အဲဒီအထဲမှာတော့ ကျွန်တော်ထင်ပါတယ် စလုပ်တဲ့အချိန်ကနေပြီးတော့ တစ်နှစ်နဲ့တစ်နှစ်ကျော်ကျော်နဲ့တင် ပြီးပါလိမ့်မယ်” ဟု ဦးခန့်ဇော်က ပြောသည်။

မြန်မာနိုင်ငံအတွင်း သဘာဝမြေဩဇာ သုံးစွဲမှုကနည်းပါးနေပြီး ဓာတုဓာတ်မြေဩဇာသုံးစွဲမှုကို (၃၀)ရာခိုင်နှုန်း လျော့ချသုံးစွဲရန်နှင့်သဘာဝ မြေဩဇာကို ပိုမိုသုံးစွဲစေလိုသည့် ရည်ရွယ်ချက် ဖြင့်သာ အဆိုပါ စက်ရုံကိုတည် ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘တောင်သူလိုတာက မျိုးကောင်းမျိုးသန့် သွင်းအားစုကိုလိုတာဆိုတော့ သွင်းအားစုမသုံးရင်တော့ အထွက်နှုန်းမတိုးဘူးပေါ့။ အထွက်နှုန်းမတိုးရင်လည်း ဝင်ငွေမရဘူးပေါ့။ အဲဒီတော့ အထွက်နှုန်းတိုးအောင် ကျွန်တော်တို့က လုပ်ပေးတဲ့သဘောပါပဲ။ သွင်းအားစုက သဘာဝအားဆေး (သို့မဟုတ်) သဘာဝမြေဩဇာဟာဆိုရင် ဓာတ်မြေဩဇာနဲ့ယှဉ်ရင် ဈေးသက်သာတယ်။ ပြီးရင် သဘာဝမြေဩဇာဖြစ်တဲ့အတွက် ရေလည်းမပြုန်း၊ မြေလည်းကောင်းမယ်။ သီးနှံလည်း အထွက်ကောင်းမယ်။ အဲဒီအကျိုး ကျေး ဇူးတွေရမှာ”ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ပြည် တွင်းပြည်ပလုပ်ငန်းရှင်များပါ ၎င်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံစေလိုကြောင်း ဦးခန့်ဇော်က အကြံပြုထားသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image