အခြေခံလူတန်းစားများ၏ သက်သာချောင်ချိရေးကို အထူးအလေးထားဆောင်ရွက်ပေးရန် နစကဥက္ကဋ္ဌမှာကြား
နိုဝင်ဘာ ၂၈
အခြေခံလူတန်းစားများ၏ သက်သာချောင်ချိရေးကို အထူးအလေးထား ဆောင်ရွက်ပေးရန် ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်၏ GDP တိုးတက်လာမည်ဆိုပါက ဘတ်ဂျက်ပိုမိုအသုံး ပြု၍ ရနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ GDP သည် အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက် နည်းပါးလျက်ရှိသည်ကိုတွေ့ရ၍ GDP တိုးတက်လာ ရေး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် လိုကြောင်း ပြောသည်။
“အခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခြင်း၊ သွင်းအားစုများဈေး နှုန်းမြင့်တက်ခြင်းတာတွေကို အကြောင်းပြပြီး အခြေခံစားကုန်တွေ ဈေးနှုန်းကြီးမြင့်လာတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ အဓိကစားသုံးတဲ့ အသားတွေဖြစ်တဲ့ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး အများစုကို ဒေသအလိုက်၊ နေရာအလိုက် အောင်မြင်စွာ မွေးမြူနိုင်တဲ့ အခြေအနေတွေ ပိုင်ဆိုင်ပြီးဖြစ်ပါတယ်။ အမှန်တစ်ကယ်အလုပ်လုပ်ကြမည်ဆိုရင် ဒေသတွင်းစားရေးဖူလုံမှုကို အထောက်အကူပြုနိုင်မှာဖြစ်ပြီးတော့ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူစားသုံးနိုင်မှာဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေရဲ့ သက်သာချောင်ချိရေးကို အထူးအလေးထား ဆောင်ရွက်ပေးဖို့ လိုပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများ ပြည့်ပြည့်ဝဝရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ တာဝန်ရှိ သူများအနေဖြင့် ကြံဆဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက GDP တိုးတက်လာပြီး နိုင်ငံ၏ဘဏ္ဍာငွေတိုးတက်ရရှိလာမည် ဖြစ်ကြောင်း၊ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းများကို အရည် အသွေးပြည့်မီအောင်ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး ပြည်ပပို့ကုန်များ မြှင့်တင်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
Credit - MCNA News Agency
#သတင်းဟင်းလေးအိုးကြီး