ဂျပန်က ကိုယ်ခံပညာနဲ့ပတ်သတ် လာရင် အတော်လေးပြည့်ပြည့်စုံစုံရှိတဲ့ နိုင်ငံတခုပါ။
ဒီနေရာမှာ ပြည့်စုံတယ်ဆိုတာ သမိုင်းအစဥ်အလာ၊ ရိုးရာနဲ့ ဆန်းသစ်ခြင်း ၊ ကြိုးစားခြင်းနဲ့ ထောက်ပံ့နိုင်ခြင်း ၊ ဖော်ထုတ်နိုင်စွမ်းနဲ့ ထိန်းသိမ်းနိုင်တာကို ဆိုလိုပါတယ်။
သမိုင်းအစဥ်အလာဆိုတာက ဂျပန်ရဲ့ ပထဝီဝင်အနေအထားနဲ့ ဆိုင်ပါတယ်။
ကုန်းမြေအရ ထိစပ်ခြင်းမရှိပဲ သီးခြားဖြစ်ထွန်းတဲ့ ကျွန်းနိုင်ငံလေးမှာ စစ်ပွဲတွေဆိုတာ မပြတ်မလပ် ဖြစ်ပွားနေခဲ့တာပါ။
နေနတ်ဘုရားကနေ တိုက်ရိုက်ဆင်းသက်လာတဲ့ ဘုရင်နဲ့ မိသားစုကို ခြွင်းချက်မရှိ ရိုသေကြပေမယ့်
တကယ့်ပါဝါကို ကိုင်ထားတာက ရှိုးဂန်း လို့ခေါ်တဲ့ စစ်ဘုရင်ပါ။
စစ်ဘုရင်က တနိုင်ငံလုံးက ဒိုင်မြိုတွေ ၊ ဆာမူရိုင်းစစ်သည်တွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရပြီး
နယ်စားအချင်ချင်းကြား အာဏာလုတာတွေ ၊ ရှိုးဂန်းရာထူးအတွက် တိုက်ပွဲတွေဆိုတာ အမြဲလိုလို ရှိနေခဲ့တာပါ။
စစ်ပွဲတွေမှာ အနိုင်ရဖို့ သေနတ်ဆိုတာ မပေါ်သေးတဲ့အတွက် ဓားလှံ လေးမြားတွေနဲ့ တိုက်ခိုက်ကြရပြီး ဆာမူရိုင်းတွေသင်ယူရတဲ့ Kenjutsu ၊ Jujitsu ပညာရပ်တွေဟာ ဒိုဂျိုတွေအလိုက် ယခုထိ ရှိနေဆဲ၊ လက်ဆင့်ကမ်းဆဲပါပဲ။
တဖက်က ဒီလိုရိုးရာကို ထိမ်းသိမ်းကြသလို ကရာတေးဒို ၊ ဂျုဒို ၊ အိုက်ကီဒို ၊ Laido ၊ Kendo တို့ကို ဆန်းသစ်တီထွင်ပြီး ပညာရပ်ပြိုင်ပွဲတွေအဖြစ် အသွင်ပြောင်း ထိန်းသိမ်းခဲ့ကြပါတယ်။
တဖက်မှာလည်း ကရာတေး vs မွေထိုင်း ၊ ကရာတေး vs ကွန်ဖူး ၊ ဂျုဒို vs BJJ ပြိုင်ပွဲတွေ လုပ်ပြီး ဘသူက ပိုကြမ်းသလဲ ၊ ဘယ်ပညာရပ်က ပိုအစွမ်းထက်သလဲဆိုပြီး ဂျပန်က ပညာရှင်တွေက စိန်ခေါ်မှုတွေနဲ့အတူ ပညာရပ်ကို အစွမ်းထက်သထက် ထက်အောင်သွေးနေခဲ့ကြတာပါ။
ဥပမာ ဂျူဒိုပြိုင်ပွဲတွေဟာ အိုလံပစ်ဂိမ်း ၊ ဆီးဂိမ်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပသလို ရွှေတံဆိပ်ရရှိအောင်လည်း ဂျပန်လူငယ်တွေက အပြိုင်အဆိုင်ကြိုးစားကြပါတယ်။
ဒီအတွက်လည်း နောက်က ထောက်ပံ့နိုင်တဲ့ ကြွယ်ဝမှုလည်း လိုအပ်တာပေါ့လေ။
ဒါတင်မက ပညာရပ်ဆိုင်ရာဖြန့်ဝေဖို့အတွက် ကမ္ဘာ့နိုင်ငံကြီးတွေမှာ ဒိုဂျိုတွေ ဖွင့်တာ ၊ ပြိုင်ပွဲတွေ ကျင်းပပေးတာ တွေကို ဆရာကအစ တပည့်အဆုံး တာဝန်တခုလို လက်ဆင့်ကမ်းလုပ်ဆောင်ခဲ့ကြလို့
ကမ္ဘာမှာပါ ဂျပန်ရဲ့ သိုင်းပညာတွေက ပျံ့နှံ့နေခဲ့တာပါ။
တကယ်လည်း အားကျမိပါတယ်။
ထို့အတူပဲ ပြည်တွင်းက မြန်မာ့သိုင်းပညာရပ်တွေကို မပျောက်မပျက်အောင်ဖြန့်ဝေ သင်ယူနေကြတဲ့
လူငယ် လူကြီး ဆရာများကိုလည်း ဒီ စာလေးကနေ ကျေးဇူးတင်စကားပြောလိုပါတယ်။
တကယ်တော့ မြန်မာပြည်မှာ သိုင်းသင်ရတာက တကယ်မလွယ်တာပါ။
အဂ်လိပ်တွေဖျက်ဆီးခဲ့တဲ့အလေ့အထကြောင့် သိုင်းသင်ရင်ပဲ လူဆိုးဓားပြဖြစ်တော့မလို အတွေးအခေါ်တွေကြောင့် မြန်မာကလေးငယ်တွေဟာ သိုင်းပညာကိုလွယ်လင့်တကူ
သင်ယူခွင့်မရခဲ့ကြပါဘူး။
ပြီးတော့ မြန်မာ့ သိုင်းပညာသင်ယူဖို့အဖိုးအခကိုလည်း ကြေးကြီးတယ်ထင်တတ်ကြပါသေးတယ်။
ဒီလိုအခက်အခဲတွေကြားကနေ သိုင်းပညာကို ရူးရူးမူးမူးချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလို့သာ ယနေ့အချိန်မှာ မူနဲ့ ပညာစဥ်တွေ မပျောက်ပျက်ခဲ့ကြတာပါ။
ဂျပန်ကို ကျနော်တို့မယှဥ်နိုင်သေးဘူးဆိုတာ လက်ခံထားရမယ့် အမှန်တရားဆိုပေမယ့် သိုင်းပညာကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်မှာတော့ မနိမ့်ဘူးလို့ပဲ ထင်မိပါတယ်။
ရိုးသားဖြောင့်မတ်စွာဖြင့်
Scorpion