26 w - Translate

“မရေရာတဲ့ အနာဂတ်ကို ရင်ဆိုင်နည်း”

💟 ၁။ ပစ္စုပ္ပန်မှာ တည့်တည့်နေပါ။

မှောင်မိုက်​နေတဲ့ အနာဂတ်ကိုလည်း တအားမတွေးပါနဲ့၊ ကြိုမပြင်ခဲ့မိလေခြင်း၊ မလုပ်မိခဲ့လေခြင်းလို့လည်း အတိတ်ကို ပြန်တွေးပြီး နောင်တရမနေပါနဲ့။ လက်ရှိကိုသာ အာရုံစိုက်လိုက်ပါ။ အသက်၀၀ ရှူသွင်းလိုက်ပါ။ ဒါမှ စိတ်တည်ငြိမ်မှုရပြီး ဦးနှောက်ကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို လုပ်နိုင်လာမှာ ဖြစ်ပါတယ်။

💟 ၂။ ရေတိုကို ပိုစဉ်းစားပါ။

တစ်ခါတလေမှာ ရေရှည်အတွက် ဘယ်လိုမှ ကြိုပြင်ဆင်လို့ မရတတ်တာမို့ မီးစင်ကြည့်ကရတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ ဒါကြောင့် ခုလက်ရှိမှာ ကိုယ်ဘာလုပ်နိုင်သလဲ၊ လုပ်တတ်သလဲ၊ ကိုယ့်မှာ ဘာတွေရှိနေသေးလဲ စသဖြင့် အဖြေရှာပြီး ပြင်ဆင်စေချင်ပါတယ်။

💟 ၃။ စိတ်ဖိစီးမှုကို လျှော့ချပါ။

ကိုယ့်အတွက် ဘာလုပ်လိုက်ရင် စိတ်ဖိစီးမှု လျော့ကျတတ်သလဲ။ အဲဒါတွေ လုပ်ပေးပါ။ မိမိကိုယ်မိမိ ကြင်နာပါ။ ဂရုစိုက်ပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှုပုံစံကို မွေးမြူပါ။

💟 ၄။ ပိုလျှံလွန်းနေတဲ့ အကြံပြုချက်တွေကို ရှောင်ရှားပါ။

အကြံပြုချက်တွေ၊ သတင်းအချက်အလက်တွေ ယူတာ ကောင်းပေမဲ့ များလွန်းရင်လည်း ​ဝေဝါးသွားတတ်တယ်။ စိတ်ညစ်ညူးလာတတ်တယ်။ ဒါ့အပြင် အကြံပြုချက်တွေကလည်း စိတ်ထင်တိုင်း ရေးထားကြတာတွေ ဖြစ်နေရင် ပိုဆိုးပါတယ်။ ဒီတော့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကိုလည်း လျှော့ပါ။ တစ်ညတလေ နားသင့်တယ် ထင်ရင်လည်း နားပါ။

💟 ၅။ အတွေးတွေကို ပြောင်းပါ။

ဒီအခြေအနေကြီးက ပင်ပန်းလိုက်တာ၊ စိတ်ဆင်းရဲစရာ ကောင်းလိုက်တာ ဆိုတာမျိုးအစား ငါ ကျော်ဖြတ်နိုင်တယ်လို့ မြင်ပေးပါ။ တစ်ခုရဖို့ ကျန်တစ်ခုကို လက်လွှတ်လိုက်ရတဲ့ Opportunity Cost တွေကိုလည်း မနှမြောပါနဲ့။ ကိုယ့်အသက်ဘေးကင်းဖို့နဲ့ ကျန်းမာဖို့ကသာ ခုလိုအချိန်မှာ အရေးကြီးဆုံးပါ။

💟 ၆။ အကူအညီ တောင်းခံပါ။ ကိုယ်တိုင်ကလည်း ကူညီပါ။

အချင်းချင်း ဖေးမကူညီကြတဲ့ ရပ်ဝန်းဟာ အချင်းချင်း ပြစ်တင်ဝေဖန်၊ အမြတ်ထုတ်နေတဲ့ ရပ်ဝန်းထက် ခံနိုင်ရည် ပိုရှိပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က အကူအညီ တောင်းဖို့ကိုလည်း တွန့်ဆုတ်မနေပါနဲ့။ ပေးဖို့ကိုလည်း မပျက်ကွက်ပါစေနဲ့။

💟 ၇။ ကိုယ့်ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ အရာတွေကို အာရုံစိုက်ပါ။

လက်လှမ်းမမီနိုင်တာ၊ ကိုယ့်အနေနဲ့ ဘာမှမတတ်နိုင်တာတွေ ရှိသလို၊ ကိုယ်လုပ်နိုင်တာတွေလည်း အများကြီး ရှိပါတယ်။ စိတ်လှုပ်ရှားနေတုန်းမို့သာ သတိမထားမိတာပါ။ အဲဒါတွေကို မြင်အောင်ကြည့်ပါ။ အားထုတ်ပါ။ လုပ်စရာရှိတာ လုပ်ပါ။ တည်တည်ငြိမ်ငြိမ် သတ္တိရှိရှိနဲ့ ဒီမရေရာမှုတွေကို ရင်ဆိုင်တွန်းလှန်ပါ။

Learn with PT
19 Feb 2024

#resilience #learnwithpt