မြန်မာ့တိုင်းရင်းဆေးပညာပါရဂူဘွဲ့အထိပေးအပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်ပညာသင်နှစ်ကစတင်ပြီး ပါရဂူသင်တန်းများကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ပြောကြား

နိုဝင်ဘာ ၂၃

မြန်မာ့တိုင်းရင်းဆေးပညာ ပါရဂူဘွဲ့အထိပေးအပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်ကစတင်ပြီး ပါရဂူသင်တန်းများကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ယမန်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) ၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်က တိုင်းရင်းဆေးပညာကဏ္ဍကို မြှင့်တင် ပေးလျက်ရှိကြောင်း၊ ၁၉၈၉ ခုနှစ်၊ ဩဂုတ်လ (၃)ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနအဖြစ် သီးခြား ဖွဲ့စည်းတိုးမြှင့်ပေးသည့်အတွက် တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုလျင်မြန်လာခဲ့ ကြောင်း၊ ၂၀၀၁ ခုနှစ်က မန္တလေးမြို့တွင် တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်ခဲ့ပြီး မျိုးဆက်သစ်များကို မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့များ အပ်နှင်းနိုင်ခဲ့ကြောင်း၊ နိုင်ငံတော် အနေဖြင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရန်အတွက် ကျန်းမာရေးကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

နိုင်ငံတော်အစိုးရက တိုင်းရင်းဆေးအခန်းကဏ္ဍကို အလေးအနက်ထားပြီး အားပေးချီးမြှောက်ပေးလျက် ရှိနေသလို တိုင်းရင်းဆေးပညာရှင်များကလည်း ကြိုးစားအားထုတ်နေသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ထိုသို့ကြိုးစားအားထုတ်ကြရာတွင် ကျင့်ဝတ်နှင့်အညီ စည်းကမ်းတကျဖြစ်စေရန် တိုင်းရင်းဆေးကောင်စီဥပဒေ၊ တိုင်းရင်းဆေးဝါးဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန် မှာကြား လိုကြောင်း။ ယခုအခါတွင် တိုင်းရင်းဆေးတက္ကသိုလ်က မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့်မှ တိုင်းရင်းဆေးပညာမဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေး ထုတ်ပေးနေပြီဖြစ်သလို နိုင်ငံတော် အစိုးရ၏ ချီးမြှောက်ပံ့ပိုးမှုနှင့် မြန်မာ့တိုင်းရင်းဆေးပညာ ပါရဂူဘွဲ့အထိပေးအပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ် ကစတင်ပြီးပါရဂူသင်တန်းများကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မြန်မာ့တိုင်းရင်းဆေးပညာကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာ ကဏ္ဍများနှင့်လည်း ယခုထက် ပိုမိုချိတ်ဆက်လေ့လာပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင်အစရှိသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုင်းရင်းဆေးပညာ ကဏ္ဍများတွင် အတူလိုက်ပါ ပူးပေါင်းဆောင်ရွက်နေခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများအရည်အသွေးပြည့်ဝစွာ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာစေရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောသည်။

Credit - NV Media

#သတင်းဟင်းလေးအိုးကြီး

image