ဇက်ခ်ဇီကို စိတ်ရှည်ဖို့ ယူနိုက်တက်ကို လီဝန်ဒေါစကီးပြော

နိုဝင်ဘာ ၂၃

ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက ပရီးမီးယားလိဂ်မှာ အသားကျဖို့ ရုန်းကန်နေရတဲ့ ဘိုင်ယန်မြူးနစ် အသင်းဖော်ဟောင်း ဇက်ခ်ဇီကို စိတ်ရှည်ဖို့ ယူနိုက်တက်အသင်းကို ပြောခဲ့ပါတယ်။

လီဝန်ဒေါစကီးက “ဇက်ခ်ဇီက အံ့သြစရာကောင်းလောက်အောင် ကစားနိုင်တဲ့သူဖြစ်ပြီး ဘောလုံးကို ထိန်းနိုင်သလို တစ်ချက်၊ နှစ်ချက်အထိ အပေးအယူတွေနဲ့လည်း ကစားနိုင်ပါတယ်။ သူဟာ ဂိုးဧရိယာ ထဲမှာလည်း ကောင်းမွန်စွာ အဆုံးသတ်နိုင်ပါတယ်။ အခုက သူ့အတွက်အချိန်အနည်းငယ်လိုအပ်ပါတယ်။ မျှော်လင့်ချက်ကြီးမားတဲ့ ဒီလိုအသင်းကြီးမှာကစားမယ်ဆိုရင် ဒါကပုံမှန်ပါပဲ။ သူ့ကိုသာ ကောင်းမွန်စွာ အသုံးပြုနိုင်ရင် သူဟာ အသင်းဖော်တွေနဲ့ အသင်းကို တကယ်အကူအညီပေးနိုင်တဲ့သူပါ။ သူဟာ ဂိုးသွင်း နိုင်သလို အသင်းဖော်တွေအတွက် နေရာလွတ်ဖန်တီးပေးနိုင်တဲ့ ကစားသမားပါ”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီက ပေါင် ၃၆.၅ သန်းနဲ့ ဘိုလော့ဂ်နာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဇက်ခ်ဇီဟာ ယူနိုက်တက် အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဝေဖန်မှုအများအပြားခံနေရတာဖြစ်ပါတယ်။

ဇက်ခ်ဇီဟာ ယူနိုက်တက်အသင်းကစားသမားဘ၀ ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒီနောက်ပိုင်းကစားခဲ့တဲ့ ၁၅ ပွဲစလုံးဂိုးပေါက်ပျောက်ဆုံးနေခဲ့တာပါ။

ဇက်ခ်ဇီဟာ ယူနိုက်တက်အသင်းမှာတင်မဟုတ်ဘဲ နယ်သာလန်လက်ရွေးစင်အသင်းမှာလည်း ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့သတင်းတွေမှာ ယူနိုက်တက်အသင်းဟာ ဇက်ခ်ဇီကို ပြန်ရောင်းချပြီး နောက်ထပ် တိုက်စစ်မှူးတစ်ဦးခေါ်ယူမယ်လို့ ဖော်ပြထားတာပါ။

ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးကတော့ ဇက်ခ်ဇီဟာ နည်းပြသစ် အာမိုရင်လက်ထက် အင်္ဂလိပ်ဘောလုံးလောကမှာ ခြေစွမ်းကောင်းတွေပြသနိုင်မယ်ဆိုတာကို သံသယမရှိတာဖြစ်ပါတယ်။

ဇက်ခ်ဇီအနေနဲ့ နည်းပြသစ် အာမိုရင်လက်ထက် ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရနိုင်ဖို့ အများကြီး ကြိုးစားရဖို့ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အစ်စဝှစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Metro

ပုံ - လီဝန်ဒေါစကီးနဲ့ ဇက်ခ်ဇီကိုတွေ့ရစဉ်

#centralnewsnaypyitaw

image