သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း (၅၀) ရောင်းချပေးမည်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် သန်း (၅၀)ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့်တစ်ပါတ်တွင်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ (၃၅) သန်း ရောင်းချပေးထားသည်။
ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် အခြားသွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးလျက်ရှိကြောင်း၊ ထို့ပြင် တစ်ဒေါ်လာ (၇၀၀၀) ထိစံချိန်တင်မြင့်တက်ခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများထုတ်ရောင်းပေးရာ ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၀) ရက်အထိ (၃)လခွဲကျော်တွင် ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၄) သန်းကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။
ယနေ့ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲလှယ်နှုန်းများမှာ တစ်ဒေါ်လာ (၄၅၀၀)ကျပ်၊ ထိုင်းဘတ်တစ်ဘတ်လျှင် (၁၂၉.၈၇) ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် (၆ ၂၁) ကျပ်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားချ က်အရ သိရသည်။