အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် လခစားဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

နိုဝင်ဘာ ၂၂

အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း၊ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေးကို ယမန်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများ အပေါ် သက်ရောက်မှုကြီးမားကြောင်း၊ သို့ဖြစ်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် အခြေခံစားသောက် ကုန်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်သုံးဆီ များ၏ ဖြန့်ဖြူးရောင်းချမှုအပါအဝင် လက်ရှိဖြစ်ပေါ်နေသော မြေပြင်အခြေအနေအပေါ် ထိန်းကျောင်းဆောင် ရွက်သွားမည့်အစီအမံများ၊ လိုအပ်ချက်နှင့် လက်တွေ့ဆောင်ရွက်သင့်သည်များကို အသေးစိတ် ဆွေးနွေး ညှိနှိုင်းရန်ဖြစ်ကြောင်း ပြောသည်။

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ ပျက်စီးဆုံးရှုံးရခြင်းသည် ကုန်ဈေးနှုန်းတည်ငြိမ်မှုအပေါ် တွင်လည်း သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း၊ နေရာဒေသအချို့တွင် ရေကြီးမှုများကြောင့် မိုးစပါး စိုက်ဧကများ ထိခိုက်ပျက်စီးခဲ့သဖြင့် စပါးစိုက်ပျိုးမှု၊ ထွက်ရှိမှု၊ ပြည်တွင်းစားသုံးမှု၊ အရန်ဆန်နှင့် ပြည်ပတင်ပို့မှု စသည်တို့ကို စနစ်တကျ တွက်ချက်စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိစားအုန်းဆီဖြန့်ဖြူးမှု စနစ်တကျရှိရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ အသား၊ ငါး၊ ဥဈေးနှုန်းများ တည်ငြိမ်ရေးအတွက် တိရစ္ဆာန်မျိုးသားပေါက်၊ အစာနှင့် ကာကွယ်ဆေး စသည့် မွေးမြူရေးဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကို အကျိုးအမြတ်အတွက် ဈေးကစားခြင်းများ မရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ထိန်းကျောင်းသွားရန် လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်ပေးသင့်သည့် ရေတို၊ ရေရှည် အစီအမံများကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

#centralnewsnaypyitaw

image