ICC က အစ္စရေးဝန်ကြီးချုပ်နှင့် ဟားမာ့စ်တပ်မှူးကို ဖမ်းဝရမ်းထုတ်

CNI International News

သည်ဟိဂ်၊ နိုဝင်ဘာ ၂၂

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာခုံရုံး (ICC) သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂဲလန့် (Yoav Gallant) နှင့် ဟားမာ့စ်အဖွဲ့တပ်မှူး မိုဟာမက် ဒီအစ်ဖ်တို့ကို ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း ဘီဘီစီမှ ဖော်ပြခဲ့သည်။

၎င်းတို့ ၃ ဦးအား ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုစွဲချက်များ အတွက် ပြစ်မှုဆိုင်ရာ တာဝန်ရှိကြောင်း အထောက်အထားများ တွေ့ရှိခဲ့သည်ဟု တရားသူကြီးများက ပြောကြားခဲ့ သည်။

ဟားမာ့စ်တပ်မှူး ဒီအစ်ဖ်သည် ဇူလိုင်လအတွင်းက ဂါဇာတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည့်တိုင် ICC က ဒီအစ်ဖ်ကို ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်သည်။

ICC ကမူ ဒီအစ်ဖ်သည် အမှန်တကယ် သေဆုံးခြင်း ဟုတ်/မဟုတ် အတည်မပြုနိုင်သဖြင့် ဖမ်းဝရမ်း ထုတ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ICC ၏ အဖွဲ့ဝင် ၁၂၄ နိုင်ငံအနေဖြင့် နေတန်ယာဟု၊ ဂဲလန့်နှင့် ဒီအစ်ဖ်တို့ကို ဖမ်းဆီးရေးအတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

မေလအတွင်းကလည်း ICC ရှေ့နေ ကာရင်ခမ်း(Karim Khan) သည် နေတန်ယာဟု၊ ဂဲလန့်၊ ဒီအစ်ဖ်နှင့် အခြား ဟားမာ့စ်ခေါင်းဆောင် ၂ ဦးကို ဖမ်းဝရမ်းများထုတ်ရန် ကြိုးပမ်းခဲ့သည်။

ထိုဟားမာ့စ်ခေါင်းဆောင် ၂ ဦးမှာ အစ္စမေးလ် ဟာနီယာ (Ismail Haniyeh) နှင့် ယာယာဆင်ဝါ (Yahya Sinwar) တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးစလုံးမှာ အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ပြီးဖြစ်သည်။

နေတန်ယာဟု၊ ဂဲလန့်တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ခမ်းက ပြောသည်။

ထို့ပြင် ဟားမာ့စ် ခေါင်းဆောင်များသည်လည်း လူသတ်မှု၊ ပြန်ပေးဆွဲဖမ်းဆီးမှု၊ အဓမ္မပြုကျင့်မှု၊ ညှင်းပန်းနှိပ်စက်မှု များ အပါအဝင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ခမ်း က ပြောကြားခဲ့သည်။


Source: ဘီဘီစီ

ပုံ - နေတန်ယာဟု၊ ယိုအက်ဗ်ဂဲလန့်နှင့် ဟားမာ့စ်တပ်မှူး မိုဟာမက် ဒီအစ်ဖ်တို့ကို တွေ့ရစဉ်

#centralnewsnaypyitaw

image