Part-1
#ဖိုးကျော့ (ကြိမ်ဗျစ်တောက မြွေနီဆန်း)
၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေး ကာလကို ရောက်ရှိလာသည်။ ထိုအခါ မြန်မာနိုင်ငံသားတို့အနေနှင့် ယခင်က မကြားဖူး၊ မကြုံဖူး၊ အိပ်မက်ပင် မမက်ဖူးကြသော နိုင်ငံတွင်းရှိ မြေပေါ်၊ မြေအောက် သယံ ဇာတ သဘာဝပစ္စည်းများသည် နိုင်ငံခြားသားတို့ မျက်စိထဲတွင် ငွေခဲ ချည်း မြင်လာကြသည်။ ထို့ကြောင့်လည်း တောတောင်ရေမြေ ပင်လယ်သမုဒ္ဒရာထဲရှိ သယံဇာတသဘာဝပစ္စည်းများကို နိုင်ငံခြားသားတို့သည် ကုမ္ပဏီကြီး၊ ငယ်များ ဖွင့်ကာ အပြိုင်အဆိုင် အလုအယက် ဝယ်ယူလာကြသည်။ တရု၊ ရေထဲက သားငါးပုစွန်၊ ကဏန်း၊ မိကျောင်းများအပြင် ကမ်းလွန် ပင်လယ်သားများ ဘိုးစဉ်ဘောင်ဆက် စားရကောင်းမှန်း မသိခဲ့ကြသော ပင်လယ်ရေခူများကိုပင် ဒိုင်ဖွင့်၍ ဝယ်လာကြသည်။ ရေခူများကိုသာ မက ပင်လယ်ထဲမှ ခရု၊ ပေါင်း၊ ယောက်သွားအသေ၊ အရှင်အခွံများနှင့် ကျောက်ပွင့်၊ ကျောက်မွတ်၊ ကျောက်ကြိုး၊ ကျောက်ခက်၊ ငြင်းကောင် အကြီး၊ အသေးပါမကျန် သဲကြီးမဲကြီး ဝယ်လာကြသည်။
ကုန်းပေါ်ဆိုလျှင်လည်း မန်ကျည်းစေ့၊ ကုက္ကိုစေ့၊ ဆီးစေ့၊ စံပန်းစေ့၊ တမာသီး၊ ခုံညင်းဒိုး၊ မှိုမျိုးစုံအထိ ဝယ်ယူကြသည်။ တောတိရစ္ဆာန်များအနေကလည်း ကျား၊ ကျားသစ်၊ ဝက်ဝံ၊ မြွေ၊ လိပ်၊ မြွေပါ၊ တောက်တဲ့၊ သင်းခွေချပ်၊ သစ်ခွေး၊ တောခွေး၊ ခွေးအ၊ ခွေးတူဝက်တူ၊ ချေ၊ ဆတ်၊ သမင်၊ ဖွတ်၊ အရိုး၊ အရေ၊ သည်းခြေနှင့် ငှက်မျိုးစုံတို့ကိုပါ ရသမျှ အကုန်စုဝယ်လာကြသည်။ ထိုအခါ မြန်မာပြည်မှာ ငွေတွေချည်း ဖြစ်လာကြသည်။ ထို့ပြင် မဟာမြိုင်တောကြီးနားရှိ ရွာများသို့ ကြိမ်အဝယ်တော် များ ရောက်လာကြပြန်လေသည်။
(၆) ပေရှည် ကြိမ်တစ်ပိုင်းကို ငါးကျပ်၊ ၁ဝ၊ ၁၅ ကျပ်အထိ သူ့ဈေးနှင့်သူ ပေးဝယ်လာကြ၏။ ကြိမ်ဆို လျှင်လည်း ကြိမ်နီ၊ ကြိမ်ဝါ၊ ဖိုးခေါင်ကြိမ်၊ မျောက်ကြိမ်၊ ကြက်ဥကြိမ်၊ နွယ်ကြိမ်။ ကြိမ်ဆိုလျှင် လက်သန်း လက်မ ပြတ်ကြိမ်ကအစ အားလုံးကို ဝယ်ကြ၏။ ထိုအခါ တောနားတောင်နားရှိ ဒေသခံများမှာ မိုးလင်းသည်နှင့် ကြိမ်ရှာရန်၊ ကြိမ်ခုတ်ရန် ဓားဆွဲ၍ တောတက်ကြတော့၏။ ရသမျှသောကြိမ်ပင်အကြီး၊ အသေးများကို ရွာထဲရှိ
အဝယ်တော်များဆီတွင် ရောင်း ချ၍ အပိုဝင်ငွေ ရကုန်ကြ၏။
တစ်စတစ်စနှင့် ရွာနားဝန်းကျင် တောတောင်ထဲ၌ ကြိမ်ပင်၊ ကြိမ် တောများ ပြုန်းတီးသွားရာ လယ်ထဲ ယာထဲဝင်သလို စားအိုးစားခွက် များနှင့် အစုလိုက် အဖွဲ့လိုက် တောထဲတွင် တဲထိုး၍ ကြိမ်ခုတ်ထွက် ကြသည်။ ၂ ယောက်ျားကြီးတစ်ယောက် တစ်နေ့ ကြိမ်ခုတ်ရငွေမှာ ၃ဝဝ၊ ၄ဝဝ ခန့်ရှိသဖြင့် ဒေသခံများအနေနှင့် ကြိမ်ခုတ်လုပ်ငန်းကို ပို၍ မက်မော လာကြသည်။ တစ်မိုး၊ တစ်နွေ လယ်လုပ် ယာလုပ်သည်ထက်ပင် ဝင်ငွေကောင်းနေကြလေသည်။
စခန်းတဲနှင့် မနီးမဝေးရှိ အနောက်ဘက် စမ်းချောင်းနား တောထဲ တွင် ဦးကြီးထွန်းနှင့် စံသိန်းတို့သည် ကြိမ်ပင်၊ ကြိမ်ပုတ်တွေကို လိုက် ရှာနေကြသည်။ မကြာမီ ကြိမ်ပုတ်တစ်ပုတ်ကို တွေ့၏။ ထိုကြိမ်ပုတ် တွင် ကြိမ်နီဆယ်ပင်ခန့်ပင် ရှိ၏။ ကြိမ်နီပုတ်နှင့် အနီးဆုံး သပြေပင်ကြီးတစ်ပင်၌ ရေဘူးကို သွား ချိတ်မည်ဟု လုပ်နေစဉ် သပြေပင်ပေါ်ကို အမှတ်တမဲ့ မော့ကြည့်လိုက်ရာ သပြေပင်ပေါ်တွင် ရေအိုးနီးနီးရှိ အလုံးကြီးတစ်လုံးကို လှမ်းမြင်လိုက်ရ သည်။ ထို့ကြောင့် စံသိန်းက ဦးကြီးထွန်းကို လှမ်းခေါ်လိုက်၏။
“ဦးကြီး... ခဏ ခဏ”
တောကျွမ်းတောင်ကျွမ်းသော ဦးကြီးထွန်းက အသံမပြုဘဲ စံသိန်း နား ရောက်လာ၏။
“ဦးကြီးထွန်း၊ ဒီအပင်ပေါ်မှာ အလုံးကြီးတစ်လုံးဗျ။ သပြေပင်တွေ မှာ ဒီလောက်ကြီးတဲ့ ကျီးပေါင်းထုပ်လည်း ကျွန်တော် မတွေ့ ဖူးလို့ ”
စံသိန်းပြသော သပြေပင်ပေါ်က အလုံးကြီးဆိုသည်ကို ဦးကြီးထွန်း လည်း သေသေချာချာ ကြည့်၏။ ခါချဉ်ထုပ်လည်း မဖြစ်နိုင်။ ခါချဉ်ထုပ်ဆိုလျှင် အရွက်ဖျားတွေကို လုံးစု၍ သူတို့ပါးစပ်က အစေးနှင့် ကပ်ကာ အိမ်ဖွဲ့ အထုပ် လုပ်တတ် သည်။ သို့သော် နောက်တစ်ကြောင်းက ခါချဉ်ထုပ် ဤမျှကြီးသည်ကို လည်း တောမှာ တောင်မှာ ကြီးလာသော ဦးကြီးထွန်း တစ်ခါမှ မမြင်ဖူး။ ရေအိုးနီးပါးရှိသော အလုံးကြီးမှာ လူနှစ်ရပ်ကျော်ကျော်မြင့်သော သပြေပင် ခွကြား၌ ရှိနေသည်။
#creditမုဆိုးတံငါစာပေများပေ့ခ်ျမှကူးယူဖော်ပြသည်
#crd_to_owner_with_respect