မနက်ဖြန်ကျင်းပမယ့် One Friday Fight 88 မှာမြန်မာဖိုက်တာ ထွန်းမင်းအောင်ပါဝင်ထိုးသတ်မယ်
နိုဝင်ဘာလ ၂၁
မြန်မာလက်ဝှေ့ကျော် ထွန်းမင်းအောင်ဟာ မနက်ဖြန် နိုဝင်ဘာလ ၂၂ ရက် ညနေပိုင်းမှာကျင်းပမယ့် One Friday Fight 88 ပြိုင်ပွဲမှာပါဝင်ထိုးသတ်သွားတော့မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ဘောက်မြို့ရှိ လူပီနီကွင်းမှာ ကျင်းပမယ့် အဆိုပါပွဲမှာ ထွန်းမင်းအောင်က မိုရိုဂို နိုင်ငံသား အဖ်ဒီလာလီ ဇာဟီဒီ ( Abdelali Zahidi ) နဲ့ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။
ထွန်းမင်းအောင်ဟာ ဒီတစ်ခေါက်နဲ့ဆို One Friday Fight ပြိုင်ပွဲမှာ ၃ ကြိမ်မြောက်ထိုးသတ်မယ့်ပွဲဖြစ်ပြီး တော့ အရင်ထိုးသတ်ခဲ့တဲ့နှစ်ပွဲမှာ ပထမပွဲကိုအမှတ်နဲ့ရှုံးနိမ့်ပြီး ဒုတိယပွဲမှာတော့ ပြိုင်ဘက်ကို တံတောင်ရိုက်ချက်နဲ့ ပွဲသိမ်းပြီး အနိုင်ဆုကြေးအပြင် ဘောနပ်စ်ဆုကြေး ဘတ် ၃ သိန်းခွဲဆွတ်ခူးနိုင်ခဲ့ပါတယ်။
ထွန်းမင်းအောင်ဟာ အသက် ၁၈ နှစ်သာရှိသေးပြီးတော့ အရပ်အမြင့် ၅ ပေ ၁၁ လက်မ နဲ့ လက်တံအရှည် ၇၁ လက်မရှိပါတယ်။ ပြိုင်ဘက်က အသက် ၂၄ နှစ်ရှိပြီး အရပ်အမြင့် ၆ ပေ ၁ လက်မ ရှိပါတယ်။
သူတို့နှစ်ဦးဟာ ၁၅၈ ပေါင် (Catchweight) မှာထိုးသတ်ကြမှာဖြစ်ပါတယ်။မိုရိုဂို သား အဖ်ဒီလာလီ ဇာဟီဒီ ( Abdelali Zahidi )ဟာ မွေထိုင်းကစားသမားဖြစ်ပြီးတော့ သူ့ရဲ့ဖိုက်တာ ဘဝ ၃၂ ပွဲထိုးသတ်ပြီး ၂၈ ပွဲနိုင် ၄ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားပါတယ်။
သူဟာ အာဖရိကမှာ ကျင်းပတဲ့ မွေထိုင်းပြိုင်ပွဲ မှာ နှစ်ကြိမ်၊ အာရတ်နိုင်ငံမှာကျင်းပခဲ့တဲ့ မွေထိုင်းပွဲမှာနှစ်ကြိမ်၊ မိုရိုဂိုနိုင်ငံအတွင်းကျင်းပတဲ့ ပွဲများ နဲ ဒီနှစ်အတွင်း နိုင်ငံတကာ မွေထိုင်းအသင်းများအဖွဲ့ချုပ် (International Federation of Muaythai Associations ) က ကျင်းပ ခဲ့တဲ့ U23 မွေထိုင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တယ်လို့ တိုက်ခိုက်ရေးအားကစား သတင်းဖော်ပြတဲ့ MMA MAG ဝဘ်ဆိုဒ် မှာဖော်ပြထားပါတယ်။
ပြိုင်ဘက်ဟာ One Friday Fight စင်မြင့်ပေါ်မှာ ပထမဆုံးအကြိမ်အနေနဲ့ ဝင်ရောက်ထိုးသတ်သွားမှာ ဖြစ်ပေမယ့် ရလဒ်ကောင်းပိုင်ဆိုင်သူဖြစ်သလို ထွန်းမင်းအောင်ကလည်း တက်သစ်စလူငယ်တွေအကြား အလားအလာ ကောင်းသူဖြစ်တာကြောင့် ဘယ်သူအနိုင်ရရှိသွားမလဲဆိုတာ စောင့်ကြည့်ကြရမှာဖြစ်တယ်။
#သတင်းဟင်းလေးအိုးကြီး