မြန်မာတွင် လူဦးရေ ၁၃သန်းကျော် စားနပ်ရိက္ခာ လုံလောက်မှုမရဟု WFP ပြော
နိုဝင်ဘာ ၂၁ ၊ ၂၀၂၄
မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တဦးနှုန်းဖြင့် လူဦးရေ ၁၃ဒသမ၃ သန်း သည် စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ဒသမ၅ သန်းနီးပါးမှာ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်စွန့်စွာ တိမ်းရှောင်နေကြရသည် ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယမန်နေ့တွင် ထုတ်ပြန်သည် ။
ထို့ကြောင့် WFP ၏ ကယ်ဆယ်ရေးအထောက်အပံ့များကို အရေးပေါ်အကူအညီလိုအပ်နေသူများ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ရပ်ရွာလူထုထံသို့ အသေအချာ ရောက်ရှိနိုင်ရန် အဓိက ဦးစားပေး ဆောင်ရွက်နေကြောင်း ပြောသည်။
WFP သည် ရပ်ရွာလူထုနှင့်အတူ ဒေသခံအဖွဲ့အစည်းများနှင့်လက်တွဲကာ အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတဆင့် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းခန့်အား အကူအညီများ ပေးအပ်မည်ဟု ဆိုသည်။
မြန်မာနိုင်ငံအနှံ့ အရေးပေါ်အကူအညီလိုအပ်နေသူများထံ WFP ၏ အထောက်အပံ့များပေးအပ်နိုင်ရန် ဘက်ပေါင်းစုံနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သလို နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဟုလည်း WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်သစ် Mr. Michael Dunford က ပြောသည် ။
ဇွန်လမှစတင်ခဲ့သည့် ရေကြီးရေလွှမ်းမိုးမှု တုံ့ပြန်ရေးအနေဖြင့် ရေဘေးသင့်ပြည်သူ လူဦးရေပေါင်း ၃၇၀,၀၀၀ ထံ အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရ အကူအညီများ ပေးအပ်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းခန့်ကို အထောက်အပံ့များ ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု WFP က ထုတ်ပြန်ထားသည် ။
ဓာတ်ပုံ-WFP
Credit - ဧရာဝတီ
#သတင်းဟင်းလေးအိုးကြီး
