ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဘာသာရပ်များကို ဒီပလိုမာနှင့် ဘွဲ့ဒီဂရီ အဆင့်ပေးရန် ရည်ရွယ်၍ နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်းတည်ထောင်မည်
ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်နိုင်ရေးအတွက် နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်းတည်ထောင်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၀)ရက်၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း သက်မွေးပညာကဏ္ဍတွင် ဧည့်ဝန်ဆောင်မှုဘာသာရပ်နှင့် ခရီးသွားလုပ်ငန်းဘာသာရပ်များကို သက်မွေးပညာရပ်တစ်ခုအဖြစ် ဒီပလိုမာအဆင့်၊ ဘွဲ့ဒီဂရီအဆင့်အထိ ပေးအပ်နိုင်အောင် ရည်ရွယ်ပြီး နိုင်ငံအဆင့်ကျောင်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
ထို့ကြောင့် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများကို အာဆီယံအဆင့် စံနှုန်းများ၊ ပညာရေးဝန်ကြီးဌာန၏ National Qualification Framework တို့နှင့်အညီ ပေါင်းကူးသင်ကြားနိုင်ရေးနှင့် အလုပ်ရုံဆွေးနွေးပွဲကို အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များအားဖိတ်ကြားပြီး အုပ်စု ငါးစုဖွဲ့ကာ ဆွေးနွေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထိုမှတစ်ဆင့် အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့်ရလဒ်များဖြင့် လုပ်ငန်းစီမံချက်ရေးဆွဲပြီး အထက်ဌာနများသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးကြရန် ပြောသည်။
ထို့နောက် နိုင်ငံအဆင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်း တည်ထောင်နိုင်ရေးအတွက် ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ တက်ရောက်လာကြသော အရာရှိကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
