" တကယ်လို့... တို့က မောင့်ကို မချစ်တော့ဘူး.... ဒါမှမဟုတ်...
မလိုချင်တော့ဘူးဆိုရင် မောင်ဘယ်လိုလုပ်မလဲ.... "
ကျွန်မသူ့ကို အဲဒီမေးခွန်း အမြဲမေးဖူးသည်။
တစ်ခါတစ်လေ ဘာရယ်မဟုတ်ပဲနဲ့လည်း မေးသည်။
တကယ်သိချင်လို့လည်းမေးသည်။
ဘယ်အချိန်မေးမေး... သူ့အဖြေက တစ်ခုတည်းပဲဖြစ်သည်။
" အင်း.... ဘယ်လိုလုပ်ရပါ့မလဲ....
ချစ်က မလိုချင်တော့ဘူးဆိုမှတော့
မောင်က ထွက်သွားရမှာပေါ့... ဘယ်တတ်နိုင်ပါ့မလဲ...
ရွာပြန်ရုံပေါ့.. "
သူ့ဆီကအဖြေထဲမှာ အတင်းလိုက်လံတွယ်ကပ်နေမှာတို့....
ရအောင်ဆွဲထားမယ်တို့ဘာတို့ ဘယ်တုန်းကမှပါမလာ.... ။
မိန်းမတွေဆိုသည်မှာ ခက်တော့ခက်တယ်မလား.... ။
ကိုယ်က မလိုချင်တော့ဘူး... မချစ်တော့ဘူးလည်းဆိုသေးသည်။
သူ့ဆီက အတင်းလိုက်လံတားဆီးဖက်တွယ်ထားဖို့ကိုလည်း လိုချင်
ပြန်သေးသည်တဲ့လေ.... ။
ကိုယ့်ဘာသာ အတွင်းနဲ့အပြင်မညီတာကို
ကျိတ်ရယ်မောမိတာလည်း
အမွဲ... ။
" ဒါဆို... မောင်က တို့ကမလိုတော့ဘူးဆိုတာနဲ့... အဲဒီစကားပြောလာ
မှာကိုစောင့်နေသူလို ချက်ခြင်းထွက်သွားမှာပေါ့... ဟုတ်လား... "
" ဟာ... မဟုတ်ပါဘူးချစ်ရယ်.... အဲလိုသဘောမှမဟုတ်တာ... "
သူ့စကားအမှားကိုသူ ပြန်ပြင်ဖို့ရာ ကြံရာမရဖြစ်နေတတ်သည့်
အဲဒီမျက်နှာလေးကို ကျိတ်ရယ်မောရတာလည်းခဏခဏ.... ။
တကယ်တော့.... မောင်က သိပ်ရိုးလွန်းသည်။သိပ်အလွန်းသည်။
သူ့ဆီမှာ လိမ်ညာဖျားယောင်းဖို့စကားလုံးတွေသိပ်မကြွယ်သလို
မဟုတ်ကဟုတ်က အပြောတွေသိပ်တော့မရှိ... ။
ကျွန်မပေါက်ပေါက်ရှာရှာစကားတွေနဲ့ရစ်ရင် သူ့မှာပြန်ပြောစရာ
ပြန်ဖြေရှင်းစရာ စကားလုံးတွေမရှိ.... ။
ကျွန်မက မဟုတ်တမ်းတရားတွေနဲ့စွပ်စွဲရင်လည်း သူ့မှာနေစရာကို
မရှိ... ။
သူ့မှာရှိတာဆိုလို့ ခပ်ညှိုးညှိုးမျက်လုံးအစုံနဲ့ အနည်းငယ်ထော်တဲ့
ပေါ့ပေါ့တန်တန်စကားတွေမဆိုတတ်ရှာသော နှုတ်ခမ်းအစုံသာ
ဖြစ်သည်။
ပြီးတော့ သူ့ခံစားချက်တွေကလည်း သိပ်ရိုးရှင်းပြီး
လှည့်ဖျားဖို့ရာသိပ်လွယ်ကူလွန်းသည်။
သူ့ကို ကျွန်မဘက်ပါလာအောင် ဆွဲဆောင်ဖို့
အချိန်မှသိပ်မသုံးလိုက်ရပဲကိုး....။
နေ့စ္စဒူဝအလုပ်တွေကြားမှာပဲ ပုံမှန်ရှင်သန်ရင်း မိသားစုနဲ့ခွဲနေရတဲ့
ကောင်ကလေးကို ဘာကြောင့်များကျွန်မဆွဲဆောင်မိသွားသလဲ.... ။
ခုချိန်ပြန်တွေးကြည့်ရင် အမြဲပြုံးမိရတာပဲဖြစ်သည်။
တူညီတာဘာမှသိပ်မရှိတော့ စိတ်ဝင်စားမိရာကစခဲ့တာပဲဖြစ်မည်။
ဘာရယ်မဟုတ် ကိုယ်က စရုံနောက်ရုံလေးနဲ့ စတင်ပတ်သက်ခဲ့တာပေ
မယ့်.... သူ့ဘက်က အလေးအနက်တွေသဘောထားလာတဲ့အခါကျမှ
ပြန်ဖြတ်တောက်ဖို့ဆိုတာက သူ့မျက်လုံးတွေနဲ့အကြည့်ဆုံမိတိုင်း
လိပ်ပြာမလုံခဲ့.... ။
အဆုံးထိတာဝန်မယူနိုင်ရင် အခြားသောသူတစ်ယောက်ရဲ့ခံစားချက်
တွေကို မကစားမိပါစေနဲ့.... တဲ့.... ။
အထူးသဖြင့်....
သူ့ကမ္ဘာထဲမှာသူ ဟန်ချက်ညီညီကြိုးစားနေထိုင်နေတဲ့သူ....။
သူ့နေ့စဉ်ဘဝမှာသူ အတိမ်းအစောင်းမခံပဲ ရှင်သန်နေတဲ့သူ.... ။
သူ့ပြေးလမ်းမှာသူ ပန်းဝင်ဖို့ကြိုးစားနေတဲ့သူ..... ။
ပြီးတော့.....
သူ့ဒဏ်ရာတွေနဲ့သူတောင်မှပဲ နာကျင်နေပြီးသားသူတွေကိုတဲ့လေ..။
တမင်တကာကြံစည်ပြီးကစားခဲ့တာမဟုတ်ပေမယ့်လည်း သူ့ကို
စတင်ပတ်သက်ခဲ့သူဟာ ကျွန်မပဲဖြစ်သည်။
စတင်ဆွဲဆောင်ခဲ့သူဟာလည်း ကျွန်မ....။
စတင်ရစ်နှောင်ထားခဲ့သူဟာလည်း ကျွန်မ....။
အဲဒီတော့.... အဆုံးအထိတာဝန်ယူရမယ့်သူဟာလည်း ကျွန်မပဲ
ဖြစ်ရမည် ထင်ပါရဲ့.... ။
" မောင်စကားအများကြီးပြောလို့မရဘူး... အပြောမတတ်တော့ စကား
အမှားတွေပါရင်ချစ်စိတ်ဆိုးမှာကြောက်တယ်....ချစ်စိတ်ဆိုးနေရင်..
မောင့်မှာတစ်ကုန်ဘာအလုပ်မှ လုပ်မရဘူး... "
ကျွန်မစိတ်ဆိုးတိုင်း အဲဒီစကားတွေပြောတတ်သူ.... ။
စိတ်ဆိုးပြီး စိတ်ဆိုးကြောင်းအီမိုဂျီတွေပို့ရင် ပျာပျာသလဲမချော့တတ်
ချော့တတ် လာချော့သူ.... ။
စမခေါ်ရဲလို့ဆိုပြီးလည်း ကိုယ်ကစခေါ်မှာ စောင့်နေတတ်သူ.... ။
Anniversary တို့ Birthday တို့ရောက်တိုင်း ရက်ကျော်ပြီးမှ
သတိရတတ်တာကြောင့် အမြဲအရစ်ခံရတတ်သူ.... ။
မန်ယူပွဲရှိတဲ့ညဆို စောစောအိပ်နော်... တို့...
လိုင်းမကောင်းဘူး.... တို့နဲ့ ညာညာပြီး ဘောလုံးပွဲခိုးကြည့်တတ်သူ.. ။
ပြီးတော့... ဘယ်တော့မှလည်း ဖြစ်ဖြစ်မြောက်မြောက်မလိမ်နိုင်ပဲ
ကျွန်မဆီမှာအမြဲအမိခံရသူပေါ့.... ။
လူတစ်ယောက်နဲ့တစ်ယောက်ပတ်သက်ဆက်နွယ်မှုဆိုတာဟာ
လွယ်မလိုလိုနဲ့ခက်ပြီး ခက်မလိုလိုနဲ့လည်း လွယ်ကူလှတာပဲမလား... ။
မောင်ကတော့ပြောပါရဲ့.... ။
ကျွန်မနဲ့ဆုံခွင့်ရတဲ့အတွက် အများကြီးကျေနပ်ရပါသတဲ့... ။
တကယ်တော့.... ကျွန်မကမှ မောင်နဲ့ဆုံခွင့်ရတဲ့အတွက်
ပိုကျေးဇူးတင်ရကြောင်း တစ်နေ့နေ့တော့ မောင့်ကိုပြောပြရပါဦးမည်။
ပြီးတော့.... မောင့်ကိုသိပ်ချစ်ရပါသည်... ဆိုတဲ့
အကြောင်းကိုရောပေါ့လေ.... ။
💙💙💙💙💙
မောင်....
ညတာရာလင်း(ထားဝယ်)
13.5.2024
3:55 pm
#ညတာရာလင်း