အင်တာမိုင်ယာမီ နည်းပြရာထူးကနေ မာတီနို နုတ်ထွက်

နိုဝင်ဘာ ၂၁

အာဂျင်တီးနားလူမျိုးနည်းပြ မာတီနိုဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ အင်တာမိုင်ယာမီ အသင်းနည်းပြ ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ ESPN က ဖော်ပြထားပါတယ်။

အင်တာမိုင်ယာမီအသင်းနဲ့ စာချုပ် ၁ နှစ် ကျန်ရှိနေသေးတဲ့ မာတီနိုဟာ နိုဝင်ဘာ ၂၂ ရက်မှာ မေဂျာလိဂ်ကလပ် အကြီးတွေနဲ့အတူ မီဒီယာသမားတွေကို တွေ့ဆုံပြီး နုတ်ထွက်မယ့်အကြောင်းကို ပြောသွားဖို့ ရှိနေတာပါ။

အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က မေဂျာလိဂ် ပလေးအော့ဖ်ပွဲစဉ်မှာ အက်လန်တာအသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ မာတီနိုကလည်း ရာထူးကနေ ထွက်ခွာခဲ့တာ ဖြစ်ပါ တယ်။

မာတီနိုဟာ အင်တာမိုင်ယာမီအသင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ စတင်ကိုင်တွယ်ခဲ့ပြီး ပွဲဦးထွက်ရာသီမှာ လိဂ်ဖလား ရယူပေးနိုင်ခဲ့တာပါ။

အာဂျင်တီးနားလူမျိုးနည်းပြဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းကို Supporters Shield ရယူပေးနိုင်ခဲ့ပြီး လိဂ်ပြိုင်ပွဲမှာ စံချိန်တင် ရမှတ်ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီ အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရခဲ့ပေမယ့် ကွန်ကာကပ်ဖ် ချန်ပီယံဖလားနဲ့ လိဂ်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

အင်တာမိုင်ယာမီအသင်းဟာ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ မာတီနိုရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေရတော့မှာဖြစ်ပြီး နည်းပြသစ်ဟာ ၂၀၂၅ ခုနှစ်ထဲမှာ ရှုပ်ထွေးတဲ့ ပွဲစဉ်အချိန်ဇယားတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နည်းပြသစ်ဟာ ရာသီသစ် မစတင်ခင် အင်တာမိုင်ယာမီအသင်းကို ရာသီကြိုအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ပေးရဖို့ ရှိနေတာပါ။

အင်တာမိုင်ယာမီအသင်းဟာ ဇွန်လမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းတွေထဲက တစ်သင်းအဖြစ်လည်း ရှိနေတာဖြစ်ပါတယ်။

Source: ESPN

ပုံ - မက်ဆီနဲ့ နည်းပြ မာတီနိုကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image