ရှမ်းမြောက်ကို ကုန်ကားတွေ ဝင်ရောက်ခွင့်ပိတ်ပင်လိုက်တာကြောင့် မှောင်ခိုဈေးကွက်ပိုမိုကြီးထွားလာနိုင်

နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်းကနေ ရှမ်းပြည်နယ်မြောက်ပိုင်းကို သွားရောက်မယ့် ဆန်၊ စက်သုံးဆီနဲ့ စားနပ်ရိက္ခာ တင်ကုန်ကားတွေကို နစကစစ်ဆေးရေးဂိတ်တွေမှာ သွားရောက်ခွင့် တားမြစ်ပိတ်ပင်လိုက်တာကြောင့် မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာနိုင်တယ်လို့ ဒေသတွင်းကုန်သည်တွေထံကနေ သိရပါတယ်။

မိုင်းကိုင်မြို့နယ်ရှိ နစကစစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာလ ၁၈ရက်ကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်နဲ့ မိုင်းရယ်ဘက်ကို တင်ပို့မယ့် ဆန်၊ စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင် ကုန်တင်ကားတွေကို ဖြတ်သန်းခွင့် မပေးဘဲ တားမြစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ရက်ကတည်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ စစ်ဆေးရေးဂိတ်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်မယ့် ခရီးသည်တင်ယာဉ်တွေ၊ ကုန်စည်တင်ပို့မယ့် ကုန်တင်ယာဉ်တွေကို ရက်အကန့်အသတ်မရှိပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။

“အများဆုံး ခံရတာကတော့ ပြည်သူတွေပါပဲ။ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အဆိုးဝါးဆုံး ခံရလိမ့်မယ်။ မှောင်ခိုဈေးကွက်ကတော့ ပိုအားကောင်းလာမှာပေါ့။ ဘယ်အစိုးရပဲ တက်လာတက်လာ မှောင်ခိုဈေးကွက်ကို ထိန်းချုပ်နိုင်ခဲ့တာမှမရှိတာ။ အခုလည်း ရတဲ့နည်းလမ်းနဲ့ သယ်ကြမှာပေါ့။ ရှမ်းတောင်ကို စစ်ရှောင်နေရတဲ့ သူတွေလည်း တော်တော်နဲ့ အိမ်ပြန်ရလိမ့်မယ်မထင်သေးဘူး”လို့ ကုန်သည်တယောက်က ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်၊ နောင်ချို၊ လားရှိုး၊ မိုင်းရယ်စတဲ့ မြို့တွေအပြင် အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးရှိ ထီးချိုင့်၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ ခမ်းပက်၊ ကလေး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း၊ ပေါက်(မကွေး)၊ မိုးကုတ်၊ မြင်းခြံတို့ကို နစကရဲ့ ညွှန်ကြားချက်အရ မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်းက စက်သုံးဆီခွဲတမ်း ချထားပေးမှုကို နိုဝင်ဘာလ ၁၈ရက်က စတင်ပြီး ရပ်ဆိုင်းလိုက်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-Local

#centralnewsnaypyitaw

image