တရုတ်နိုင်ငံခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ်တစ်ခုပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

နိုဝင်ဘာ ၂၀

တရုတ်နိုင်ငံ ခရီးစဉ်သည် အောင်မြင်သည့် ခရီးစဉ်တစ်ခုပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးစဉ် မိမိအနေဖြင့် မြန်မာနိုင်ငံ၏ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြောကြားခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးစဉ် တရုတ်နိုင်ငံ ဝန်ကြီးချုပ်၏ ဆွေးနွေး ချက်များမှ အဓိကကျသည့် ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံ အစိုးရ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ချက်များကို တရုတ် နိုင်ငံဘက်က အစဉ်အမြဲထောက်ခံအားပေးနေကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် တက်တက်ကြွကြွထောက်ခံအားပေးပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှု ရှိစေရန်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များကို ဆက်လက်တွန်းအားပေး ဆောင်ရွက်နေမှုကိုလည်း ထောက်ခံ အားပေးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်း အတည်ပြုကြောင်း ပြောသည်။

မြန်မာနိုင်ငံအစိုးရ၏ တရုတ် - မြန်မာနယ်စပ် ဒေသကုန်သွယ်ရေးဂိတ်များနှင့်ပတ်သက်ပြီး စီမံခန့်ခွဲအုပ်ချုပ်မှု များကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း၊ တရုတ်ဘက်အနေဖြင့် မြန်မာနိုင်ငံနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုရရှိလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် မိမိတို့အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ပြတ်ပြတ်သားသား ရပ်တည်သည့် ပြောကြားချက်များပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း လိုအပ်သည့်ကူညီမှုများ ထောက်ပံ့ပေးမည့် အခြေအနေများနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူမှုနှင့် ပတ်သက်၍ ကူညီမှုများ ဆောင်ရွက်ပေးမည့် အခြေအနေများနှင့်ပတ်သက်၍ လည်းပြောကြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီ ကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တရုတ်ကွန်မြူနစ် ပါတီဗဟို ကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့် မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ပြောကြားခဲ့ကြောင်း၊ အပြုသဘော ဆောင်သော ကောင်းမွန်သည့်ဆွေးနွေးမှုများကို တွေ့ရှိခဲ့ရကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အထူး အလေးထားသော ပြောဆိုဆက်ဆံမှု၊ ဆွေးနွေးမှုများကို ထင်ရှားစွာတွေ့ရှိခဲ့ ရကြောင်းဖြင့် ပြောကြားခဲ့သည်။

#centralnewsnaypyitaw

image