ရုရှား-ယူကရိန်း ရက် ၁၀၀၀ ပြည့်ချိန် စက်ရုပ်စစ်ပွဲတစ်ခု အစပျိုးလာ

နိုဝင်ဘာ ၁၉၊ နိုင်ငံတကာ

ရုရှားသည် ၂၀၂၂ ခုနှစ်က ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့ရာ နိုဝင်ဘာ ၁၉ ရက်တွင် ရက် ၁၀၀၀ ပြည့် မြောက်ခဲ့ပြီးဖြစ်ပြီး စစ်ပွဲအတွင်း နည်းပညာသည် အဓိကကဏ္ဍတစ်ခုဖြစ်လာကာ စက်ရုပ်စစ်ပွဲတစ်ခု အစပျိုးလာ ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှား၏ ကျူးကျော်စစ် စတင်ခဲ့ပြီးနောက် ယူကရိန်းကာကွယ်ရေးကဏ္ဍ အလျင်အမြန် ဖွံ့ဖြိုးလာခဲ့သည်။

လက်ရှိတွင် ဒရုန်းများ ထိန်းချုပ်မှုကို နှောင့်ယှက်သည့် ကိရိယာ(drone signal jammer) ၊ ဒရုန်းများနှင့် စက်ရုပ် များကဲ့သို့ နည်းပညာသစ်များဆိုင်ရာ လိုအပ်ချက် ပိုမိုမြင့်မားလာခဲ့သည်။

နည်းပညာသည် စစ်ပွဲတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာကာ တိုက်ခိုက်မှု ပုံစံများကို ပြောင်းလဲလာစေသည်။

ယူရီရှယ်မွတ်(Yuriy Shelmuk)အမည်ရှိ အမျိုးသားသည် drone signal jammer တီထွင်ထုတ်လုပ်သည့် Unwave ကုမ္ပဏီကို တွဲဖက်တည်ထောင်သူဖြစ်ကာ ၎င်း၏ကုမ္ပဏီသည် အစပိုင်းတွင် အာရုံစိုက်မခံခဲ့ရကြောင်း ပြောပြခဲ့သည်။

သို့သော် ယူကရိန်း၏ တန်ပြန်စစ်ဆင်ရေး ကျရှုံးခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် အရာအားလုံး ပြောင်းလဲလာခဲ့ကာ ယူကရိန်းအနေဖြင့် ကောင်းကင်ထက်တွင် ရုရှား၏ဒရုန်းများကို ပစ်မှတ်ထား ဟန့်တားနိုင်ခဲ့သည်။

"ဈေးသက်သာတဲ့ ဒရုန်းဖျက်ကိရိယာတွေက ကျနော်တို့တွေအပေါ် တိုက်ခိုက်မှုတွေ အားလုံးကို ဟန့်တားပေး ခဲ့ပါတယ်"ဟု ရှယ်မွတ်က ပြောကြားခဲ့သည်။

လက်ရှိတွင် Unwave သည် လစဉ် jammer ပေါင်း ၂၅၀၀ ထုတ်လုပ်လျက်ရှိသည်။

ယူကရိန်း၏ ကာကွယ်ရေးကဏ္ဍတွင် ကုမ္ပဏီပေါင်း ၈၀၀ ကျော် ပါဝင်လာခဲ့ပြီး အများစုမှာ ရုရှား၏ ကျူးကျော်စစ် စတင်ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ထိုကုမ္ပဏီများမှ အများစုသည် ဒရုန်းများ၊ AI နှင့် အဝေးထိန်းယာဉ်များကို အာရုံစိုက် တီထွင်ထုတ်လုပ် လျက်ရှိသည်။

ယူကရိန်းနှင့် ရုရှား နှစ်နိုင်ငံလုံးသည် ယခုနှစ်အတွင်း ဒရုန်း ၁ ဒသမ ၅ သန်း ထုတ်လုပ်ဖွယ်ရှိကာ ထိုဒရုန်းများ သည် သေးငယ်ပြီး ကုန်ကျစရိတ်အားဖြင့် ဒေါ်လာ ရာဂဏန်းသာရှိသည်။

ထိုဒရုန်းများသည် ကင်းထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးတို့တွင် အထောက်အကူ ဖြစ်စေသည်။

ယူကရိန်းသည် စစ်ပွဲတွင် အထောက်အကူဖြစ်စေရန် စက်ရုပ်များ စတင် အသုံးပြုလာခဲ့သည်။

ထိုစက်ရုပ်များသည် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်မှု၊ ဒဏ်ရာရ လူနာများကို ရွှေ့ပြောင်းမှုတို့တွင် အထောက်အကူဖြစ်စေပြီး လက်နက် ထုတ်လုပ်မှုတွင်လည်း အကူအညီဖြစ်စေသည်။

စစ်တပ်ခေါင်းဆောင်များကမူ လက်ရှိတွင် စစ်ပွဲသည် စစ်သားများကို ထည့်သွင်း၍ အထိခိုက် မခံတော့ဘဲ အဝေးမှနေ၍ နည်းပညာအသုံးပြုပြီး တိုက်ခိုက်သည့် စစ်ပွဲတစ်ရပ် ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

Source: ရိုက်တာ

ပုံ - ဒရုန်းဟန့်တားသည့် jammer များထုတ်လုပ်နေစဉ်

Credit - MI News

#သတင်းဟင်းလေးအိုးကြီး

image