ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ခင်းကျင်းပြသရောင်းချမည်

နိုဝင်ဘာ ၁၉

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ခင်းကျင်း ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှုခဲ့သည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကြောင်း၊ ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀တို့ကို ပြည်တွင်း ပြည်ပ ရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ၊ မြန်မာ ကျပ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားများဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ဖွင့်ပွဲအခမ်းအနား၌ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင် ၄၅၀၀ ကျော်လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage
+8