သားနှင့်ချွေးမ ဘုရားဖူးခရီးသွားချိန် တစ်ဦးတည်းကျန်ခဲ့သည့် မိခင်ဖြစ်သူကိုသတ်ဖြတ်ကာ စိန်နှင့် ရွှေထည်ပစ္စည်းများ လုယက်ထွက်ပြေးသွားမှု ဝေါမြို့တွင် ဖြစ်ပွား
နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အလင်းရောင်ရပ်ကွက် ၊လှိုင်ထိပ်ခေါင်တင်(၁)လမ်း နေအိမ်တွင် သားနှင့်ချွေးမ ဘုရားဖူးခရီးသွားချိန် တစ်ဦးတည်းကျန်ခဲ့သည့် မိခင်ဖြစ်သူကိုသတ်ဖြတ်ကာ စိန်နှင့် ရွှေထည်ပစ္စည်းများ လုယက်ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသတ်ခံရသူမှာ အသက် (၅၂)နှစ်အရွယ် ဒေါ်သီတာဆိုသူဖြစ်ပြီး ၎င်း၏ သားနှင့် ချွေးမဖြစ်သူတို့ ဘုရားဖူးခရီးသွားနေသော နိုဝင်ဘာလ ၁၄ ရက်မှ ၁၇ ရက်အတွင်း နေအိမ်တွင် တစ်ဦးတည်း ကျန်ရှိနေခိုက်တွင် လုယက်အသတ်ခံရခြင်းဖြစ်သည်။
ကျုးလွန်သူက နေအိမ်ထဲရှိ ရွှေ ၂ ကျပ်သားဆွဲကြိုး ၁ ကုံး၊စိန်ဆွဲသီး၊ စိန်လက်စွပ် ၁ ကွင်း၊ စိန်နားကပ်၊ လက်ကိုင်ဖုန်းနှင့် ရွှေတုံးများကိုပါ လုယက်ယူဆောင်သွားကြောင်း သိရသည်။
မိသားစုဝင် တစ်ဦး၏ ပြောကြားချက်အရ သားနှင့်ချွေးမတို့ ဘုရားဖူး စတင်သွားရောက်သော နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီခန့်အထိ ဖုန်းအဆက်အသွယ် ရှိခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် ဖုန်းစက်ပိတ်ထားကာ ဖုန်း ခေါ်ဆို၍မရတော့ကြောင်း သိရသည်။
"သားနဲ့ချွေးမက အိမ်ပြန်ရောက်လာတဲ့ နိုဝင်ဘာလ ၁၇ ရက် မနက်ပိုင်းမှာ အိမ်တံခါးတွေ ပိတ်ထားလို့ သူသွားနေကြ အသိအိမ်ကို သွားမေးတော့လည်း မလာဘူးပြောလို့ ခြံကျော်ဝင်တော့ အပုပ်နံ့ရလို့ အိမ်တံခါးဖျက် ဝင်ကြည့်မှ သေဆုံးနေတာကို သိတာ"ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လူသတ်မှုနှင့်ပတ်သက်၍ အသေးစိတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိပြီး ကျုးလွန်သူကို ဝေါမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄တို့ဖြင့် အမှုဖွင့်ကာ အမြန်ဆုံး ဖမ်းမိနိုင်ရေးအတွက် စုံစမ်းရှာဖွေနေကြောင်း သိရသည်။
Credit - MT News
#သတင်းဟင်းလေးအိုးကြီး