8 w - Translate

ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)တည်ဆောက်မှု (၇၀)ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လေရှီးမြို့ - ပန်ဆပ် - ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်ထားသည့်ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်မှုမှာ (၇၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် - ၈၀၁ မီတာ၊ အကျယ် - ၉.၄ မီတာ၊ တံတားအခန်းပေါင်း - ၁၅ ခန်း ၊ ရေ လမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL)ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း ‌သိရသည်။

နိုဝင်ဘာလ (၁၈) ရက်၊ နံနက်ပိုင်းက အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ လာရောက်စစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးညီညီဇော်က ချတံတား တည်ဆောက်ရေး လုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်နေမှုနှင့်ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများ၊ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) ပင်းမရွာဘက်ခြင်းနှင့် ထမံသီရွာဘက်ခြမ်းတို့တွင် ချဉ်းကပ် လမ်းများဖောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြ ကြောင်း သိရသည်။

"ဘဏ္ဍာနှစ်အလိုက်ရရှိတဲ့ ရန်ပုံငွေတွေကို စနစ်တကျသုံးစွဲသွားကြဖို့နဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို သတိပြုဆောင်ရွက်စေလိုပါတယ်"ဟု ဝန်ကြီးချုပ်ဦးမြတ်ကျော်က မှာကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက်များစွာ အထောက်အကူပြုသည့် တံတားကြီးတစ်စင်းဖြစ်ကာ ဒေသ၏ ထုတ်ကုန်များအား လွယ်ကူမြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိုပါ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်ကထည့်သွင်းပြောကြားခဲ့သည်။

ချင်းတွင်းတံတား (ထမံသီ)၏ သံမဏိသံပေါင်တပ်ဆင်နေမှုများနှင့် တံတားတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ ၊ပစ္စည်းများရောက်ရှိမှု အခြေအနေများနှင့် ချဉ်းကပ်လမ်းဆောင်ရွက်နေမှု လုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးကာ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

imageimage