5 d - Translate

UFC ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ဂျွန်ဂျုံးစ် ဆက်လက်ရပ်တည်\

၃၀၉ ကြိမ်မြောက် UFC ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲရဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ပွဲစဉ်ကြီးမှာ အမေရိကန်နိုင်ငံသား ဂျွန်ဂျုံးစ်က တနိုင်ငံတည်းသား စတီပီ မီယိုချစ်ကို အလဲထိုး အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါဟာ ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်ထိုးသတ်ရတဲ့ ပွဲစဉ်တွေမှာ ဂျုံးစ်ရဲ့ ၁၆ ကြိမ်မြောက် အနိုင်ရရှိမှုဖြစ်သလို UFC မှာလည်း ၂၂ ကြိမ်မြောက် နိုင်ပွဲဖြစ်ပါတယ်။

လက်ရှိချန်ပီယံဖြစ်တဲ့ ဂျုံးစ်ဟာ ချန်ပီယံဟောင်းဖြစ်သူ မီယိုချစ်ကို နောက်ပြန်ကန်ချက်နဲ့ ပွဲသိမ်းနိုင်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာရှင်တွေထဲက တယောက်အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဂျုံးစ်ဟာ UFC ကစားသမားဘဝကို အဆုံးသတ်ဖို့ စီစဉ်ထားပေမဲ့လည်း UFC ဘက်က မငြင်းနိုင်လောက်တဲ့ ပမာဏနဲ့ ကမ်းလှမ်းလာရင်တော့ ရှေ့ဆက်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

UFC ဟဲဗီးဝိတ်ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ဖူးတဲ့ မီယိုချစ် ကလည်း ဂျုံးစ်ကို ရှုံးနိမ့်ခဲ့ရပြီးနောက် အသက် ၄၂ နှစ်အရွယ်မှာ ကစားသမားဘဝကို စွန့်လွှတ်တော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် မီယိုချစ်ဟာ ဟဲဗီးဝိတ်ခါးပတ် ကာကွယ်ပွဲတွေမှာ ၄ ကြိမ်အထိ စံချိန်တင် အနိုင်ရခဲ့တဲ့ အကြီးကျယ်ဆုံး ဖိုက်တာတယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။

လိုက်ဟဲဗီးဝိတ် ချန်ပီယံဟောင်းလည်းဖြစ်တဲ့ ဂျုံးစ်က သူ့ရဲ့ ပွဲသိမ်းကန်ချက်ကို ဂန္ထဝင်သရုပ်ဆောင် ဘရုစ်လီရဲ့ ပုံစံအတိုင်း ဒီနှစ်အစောပိုင်းကတည်းက စတင်လေ့ကျင့်ခဲ့တာ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

“ဘရုစ်လီက ပြောခဲ့ဖူးတယ်၊ ကန်နည်း ၁၀,၀၀၀ တတ်ထားတဲ့လူကို မကြောက်ဘူး၊ ဒါပေမဲ့ ကန်နည်းတခုတည်းအပေါ် အကြိမ် ၁၀,၀၀၀ လေ့ကျင့်ထားတဲ့လူကိုတော့ ကြောက်တယ်တဲ့၊ ကျနော်လည်း အဲဒီလိုမျိုး လေ့ကျင့်ခဲ့တာပါ” လို့ ဂျုံးစ်က ပြောသွားပါတယ်။

အဲဒီနောက် နယူးယောက်ခ်မြို့က ပရိသတ် ၂၀,၀၀၀ နီးပါး ဆံ့တဲ့ အဋ္ဌဂံကွင်းကြီးထဲကို ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့အတူ အီလွန်မတ်စ်ခ် အပါအဝင် အစိုးရအဖွဲ့ဝင် တချို့ပါ တက်ရောက်လာတာ တွေ့ရပါတယ်။
DVB
Source : Reuters

image