ထိုင်းစစ်တပ်က မြန်မာအမျိုးသားတစ်ဦးကို သတ်ဖြတ်
နိုဝင်ဘာ ၁၆၊ ဘန်ကောက်။
ယခုနှစ်အတွင်း ထိုင်း-မြန်မာ နယ်စပ်အနီးတွင် ထိုင်းစစ်တပ်သည် မြန်မာအမျိုးသားတစ်ဦးကို ညှင်းပန်းနှိပ်စက်ပြီး သ-တ်ဖြတ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့က နိုဝင်ဘာ ၁၄ ရက်တွင် စွပ်စွဲခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
Fortify Rights အမည်ရှိ လူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ယခုနှစ် ဇန်နဝါရီ ၁၂ ရက်က မဲဆောက်မြို့၌ အသက် ၃၇ နှစ်အရွယ် အောင်ကိုကို အမည်ရှိ မြန်မာအမျိုးသား တစ်ဦးကို ထိုင်းစစ်သား ၄ ဦးက ဖမ်းဆီးခဲ့ ကြောင်း ဖော်ပြခဲ့သည်။
အောင်ကိုကိုသည် ထိုင်းကျေးရွာ လုံခြုံရေးတပ်ဖွဲ့အရာရှိ ယူနီဖောင်းကို ဝတ်ဆင်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု Fortify Rights မှ ထုတ်ပြန်ခဲ့သည်။
ထိုစစ်သား ၄ ဦးအနက် ၃ ဦးသည် အောင်ကိုကိုအား စစ်ဆေးမေးမြန်းချိန်တွင် သစ်သားတုတ်ရှည် တစ်ချောင်းဖြင့် ရိုက်နှက်ခဲ့သဖြင့် ပွန်းပဲ့ဒဏ်ရာများရရှိပြီး သွေးများထွက်ကာ နာရီပိုင်းအကြာ၌ သေဆုံးခဲ့ကြောင်း Fortify Rights က ထုတ်ပြန်ခဲ့သည်။
ထိုဖြစ်စဉ်တွင် မျက်မြင်များ၏ ထွက်ဆိုချက်များ၊ အခင်းဖြစ်ပွားသည့် နေရာကို ရိုက်ကူးထားသော ဓာတ်ပုံများ၊ အလောင်းကို ခွဲစိတ်စစ်ဆေးသည့် ရလဒ်များအား ကိုးကားပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
"အောင်ကိုကို-ကို ကြောက်စရာ ကောင်းလောက်အောင် ညှင်းပန်းနှိပ်စက်ပြီး သ-တ်ဖြတ်တဲ့ကိစ္စကို မဖြေရှင်းဘဲ နေမှာ မဟုတ်ပါဘူး။ ဒီကိစ္စမှာ တာဝန်ရှိတဲ့စစ်သားတွေကို အချိန်မဆိုင်းဘဲ တရားဥပဒေအရ အရေးယူသင့် ပါတယ်" ဟု Fortify Rights ၏ စီအီးအို မက်သူးစမစ် (Matthew Smith) က ပြောကြားခဲ့သည်။
ထိုရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့ခဲ့သည့် အခြား မြန်မာနိုင်ငံသား တစ်ဦးသည်လည်း နောက်ပိုင်းတွင် အောင်ကိုကို သေဆုံးမှုအတွက် လူသေမှုဖြင့် စီရင်ချက်ချခံခဲ့ရကြောင်း Fortify Rights က ထုတ်ပြန်ခဲ့သည်။
ထိုစီရင်ချက်အရ အသက် ၂၄ နှစ်အရွယ် ဆီရာချက်သည် ထောင်ဒဏ် ၃ နှစ်နှင့် ၄ လချမှတ်ခံခဲ့ရပြီး ထိုစီရင်ချက် ချမှတ်မှုသည် တရားရေးစနစ် ပျက်ယွင်းမှုတစ်ခုဖြစ်ကြောင်း Fortify Rights က ဝေဖန်ရှုတ်ချခဲ့ပြီး မှန်မှန် ကန်ကန် အရေးယူ ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
"အောင်ကိုကိုရဲ့ ဝမ်းနည်းဖွယ် သေဆုံးမှုဟာ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း နေထိုင်သူတွေနဲ့ ဒုက္ခသည်တွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေအတွက် ဒဏ်ခတ်မခံရတဲ့ ပုံစံမျိုး ဆက်လက် တည်ရှိနေတာကို ပြသရာရောက် ပါတယ်" ဟု Fortify Rights က ထုတ်ပြန်ခဲ့သည်။
ထိုင်းစစ်တပ်ကမူ Fortify Rights အဖွဲ့၏ စွပ်စွဲမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူခဲ့သည့် ၂၀၂၁ ခုနှစ်မှစပြီး လက်နက်ကိုင် ပဋိပက္ခများကြောင့် တိုက်ပွဲရှောင် အများအပြားသည် ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံ လျက်ရှိသည်။
လက်ရှိတွင် ထိုင်းဘက်ခြမ်း နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်း ၉ ခု၌ ဒုက္ခသည် ၉၀,၀၀၀ ခန့် နေထိုင်နေပြီး အများစုသည် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် ထွက်ပြေး လာကြသူများဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။
Source: CAN
ပုံ - ထိုင်းစစ်တပ်ကိုတွေ့ရစဉ်
#သတင်းဟင်းလေးအိုးကြီး