မန္တလေးတွင် ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်
ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းသည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းရှင်းလင်းပွဲကို နိုဝင်ဘာလ (၁၃)ရက်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကနဦး စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့က လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တားမြစ်ချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့ပြင် အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နည်းတူ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံမှလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များအားလုံး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ယခုလအတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။