သီရိလင်္ကာသမ္မတ၏ပါတီက လွှတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရ

နိုဝင်ဘာ ၁၆

သီရိလင်္ကာနိုင်ငံတွင် ပြုလုပ်သည့် လွှတ်တော်ရွေးကောက်ပွဲ၌ သမ္မတ အနူရ ကုမာရ ဒစ္စနာယာကီ (Anura Kumara Dissanayake) ၏ ပါတီက လွှတ်တော်၏နေရာ ၃ ပုံ ၂ ပုံကို အနိုင်ရခဲ့သည်ဟု နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့် မဲရလဒ်များကို အေပီမှ ဖော်ပြခဲ့သည်။

ဒစ္စနာယာကီ၏ အမျိုးသားပြည်သူ့အင်အားပါတီသည် လွှတ်တော်နေရာ ၂၂၅ နေရာအနက် ၁၅၉ နေရာအထိ ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

အတိုက်အခံခေါင်းဆောင် ဆာဂျစ် ပရီမာဒါဆာ (Sajith Premadasa) ဦးဆောင်သည့် စည်းလုံးသော် ပြည်သူ့ အင်အားပါတီက နေရာ ၄၀ အနိုင်ရခဲ့ကာ ဒုတိယနေရာ ရရှိခဲ့သည်။

သီရိလင်္ကာတွင် ၂၀၂၂ ခုနှစ်က ပြည်ပကြွေးမြီပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင် ခဲ့ရပြီးနောက် ၂ နှစ်အကြာတွင် လွှတ်တော်ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒစ္စနာယာကီသည် စက်တင်ဘာ ၂၁ ရက်က သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပြီး ၁၉၄၈ ခုနှစ်က ဗြိတိန် လက်အောက်မှ လွတ်လပ်ရေး ရပြီးကတည်းက သီရိလင်္ကာ၏ အစဉ်အလာရှိသည့် နိုင်ငံရေးပါတီများကို ကျော်လွှားပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။

သူသည် သမ္မတရွေးကောက်ပွဲက မဲရလဒ် ၄၂ ရာခိုင်နှုန်းဖြင့်သာ အနိုင်ရခဲ့သဖြင့် သူ့ပါတီသည် လွှတ်တော် ရွေးကောက်ပွဲတွင် အနိုင် ရ/မရအပေါ် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် သမ္မတသက်တမ်း ၂ လမပြည့်မီ အချိန်မှာပင် ၎င်း၏ ပါတီအပေါ် လူထုထောက်ခံမှု မြင့်တက်ခဲ့ပြီးနောက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။


Source: AP

ပုံ - သီရိလင်္ကာ ရွေးကောက်ပွဲ ရလဒ်ကိုတွေ့ရစဉ်

#centralnewsnaypyitaw

image