ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် “မြတ်ရောင်ခြည်” စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင်တည်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ နိုဝင်ဘာ ၁၅ ရက်ညပိုင်းကကျင်းပသော တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် "မြတ်ရောင်ခြည်"စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးပုံးပျံလွှတ်တင်မှုကို နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားနိုင်ငံမှ ခရီးစဉ်ရောက်ရှိနေသည့် ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌ နှင့်ကိုယ်စားလှယ်အဖွဲ့တို့က ကြည့်ရှုအားပေးခဲ့ကြသည်။
"မြတ်ရောင်ခြည်" စိန်နားပန်မီးပုံပျံ၏ကိုယ်ထည်တွင် ကနုတ်ပန်းခက်များ၊ ကြာပန်းခက်များ၊ ကြာပန်းခက်များ၏အပေါ်တွင် "မြတ်ရောင်ခြည် "စာသားအား အပြာရောင်ဖြင့်ရေးဆွဲထားပြီး မီးပုံပျံ၏အောက်ဆွဲတွင် ကြာပန်းပုံနှင့် “ဘူရားတီးရား”စာသားကို မီးပုံးရောင်စုံများဖြင့်ချိတ်ဆွဲလွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ နစက ဒု- ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများ ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Aleksei Sambuevich တို့တက်ရောက်၍ မီးပုံးပျံများကိုလွှတ်တင်ပူဇော်ကာ စိန်နားပန်မီးပုံးပျံလွှတ်တင်မှုနှင့်ညမီးကျည် (ညမီးကြီး)မီးပုံပျံများလွှတ်တင်ပူဇော်ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုရရှိသူများကို နစကဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။