#ဆင်ဖြူကျွန်းအောင်သိန်း
ပင်လက်ပံ ကြွေချိန်ဦး
(၃)
ယခု သည်ထောင်ချောက်ကို အေးဆောင် သတိရသည်။
မြေပဲခင်းဘေးမှ မြှောင်၍ ပဲခင်းကြီးသို့ ခြေလှမ်းကြဲကြီးဖြင့် လာခဲ့သည်။ ပဲကြီးခင်းရနံ့ကို ရှူရှိုက်လိုက်ရသဖြင့် အမောပြေသည်။
ပွေးတွင်းဝ၌ ဒူးထောက်လိုက်၏ ။
ကျည်တောက်ထောင်ချောက်မှာ မောင်းကျနေနှင့်၏။ ထောင်ချောက်ကျည်တောက်ကို ဝမ်းသာအားရဆွဲယူသည်။ ပွေးမရှိ ပွေးကို မိမနေ။
အတွင်းကျည်တောက် ပြုတ်ကျလျှင် ကျချင်း အရှိန်ပြင်းစွာ ပြေးဝင်စူးနစ်နေမည့် သံမြားထိပ်တွင်လည်း သွေးစသွေးနများ မရှိ။
ပွေးစုံ့မှု ရှိသည်။
ပွေးစုံ့ကို ယက်ကြည့်သည်။ ပွေးသေကို မတွေ့ရပါ၊ ပွေးနှင့်တူသော အရာဟူ၍ ပွေးချေးဖြူဖြူ ရှည်မျောမျောကလေးတွေသာ တွေ့ရသည်။ အေးဆောင် သံသယဖြစ်ရပြီ။
အလာသွက်ခဲ့သော အေးဆောင် ခြေထောက်တို့သည် သံသယညှောင့်စူးပြီမို့လေးကန်သည်။
လေးလေးကန်ကန်နှင့်ပင် ထောင်ချောက်ကို မောင်းတင်ကြည့်သည်။ အနေအထားကား အထိမခံတည်း။ တွန်းကန်အားမှာလည်း အမှန်ပင် ပြင်းထန် သည်သာတည်း။
သူ့အား မြသွယ်က အားကိုးတကြီး မျက်လုံးများဖြင့် ဆီးကြိုလိုက်သောအခါ "နောင်ခါလာ နောင်ခါဈေး၊ မမိလို့ ဆဲခါမှ ဆဲရော့၊ သူကျေနပ်အောင်တော့ လုပ်ပေးရမှာ ပါကလား" သဘောပိုက်လိုက်ရတော့သည်။
သို့ကြောင့် တိုင်တစ်တိုင်ထောင်ကာ ကြက်လတ်တစ်ကောင်ကို တိုင်ထိပ်တွင် ချည်ထားရသည်။ ကြက်၏အတောင်နှင့် လွတ်မည့်နေရာတွင် တိုင်ထပ်စိုက်ကာ ဝါးကျည်တောက်ထောင်ချောက်ကို အပေါ်ထောင်လျက် ဆင်သည်။
ခြေနှစ်ချောင်းကို တုပ်နှောင်ခံထားရသော ကြက်မှာ မနေတတ် မထိုင်တတ် အော်သည်။ အတောင်နှစ်ဖက်ကို ဝရုန်းသုန်းကား ခပ်သည်။
"ဒီကြက်နဲ့တော့ ဒုက္ခပဲ မြသွယ်"
တဲထဲတွင် ဘေးချင်းကပ် ထိုင်နေငြား၊ မြသွယ်သည် အေးဆောင်ကို မကြည့်၊ ထောင်ချောက်မှာသာ အာရုံရောက်နေသည်။
မကြာမတင်ကမှ အမိမဲ့သွားသော ၁၅-ရက်သား ကြက်ပေါက်ကလေးများမှာ "ဆောင်း" ထဲတွင် ဆူညံစွာ အော်ဟစ်နေကြ၏ ။ ဟိုတိုး သည်ခွေ့နှင့်။
ပြာလဲ့သော ကောင်းကင်တွင် စွန်သုံးကောင် ပျံဝဲနေ၏ ။ ရွာအပြင် လက်ပံပင်ကြီးမှာ ပင်လုံးကျွတ် နီရဲနေ၏ ။ ပင်ယံထိပ်ဖျားတွင် ညောင်းရွက်ရွှေဝါ တစ်ချို့တလေ ကျန်နေသေး၏။ သည်ရွှေရွက်များကြားတွင် ချိုးသိန်းနှစ်ကောင်ကို မြင်ရသည်။ လင်းယုန် မရှိ။
ခဏမျှ လှမ်းမျှော်ကြည့်ပြီးနောက် အေးဆောင် မျက်လုံးများ မြသွယ်ထံ ပျံဝဲလာ၏။
အငိုမျက်လုံးကလေးတွင် ဝမ်းနည်းရိပ်များ မပြယ်သေး။ မျက်ခွံမို့မို့ကလေးများမှာ နီနီရဲရဲဖူးဖူးကလေး။
"နင့်အမေနဲ့နင့်အဖေကောဟင်”
"ဈေးသွားကြတယ်”
မပွင့်တပွင့် ဖြေပင် ဖြေသော်ငြား၊ မြသွယ် မျက်လုံးများက ထောင်ချောက်မှ မခွာ။
"လူကြီးတွေ မရှိဘူး။ နင်နဲ့ ငါနှစ်ယောက်ထဲ၊ ပွတာပဲ”
ပြောပြောဆိုဆို ကျုံးဖက်လိုက်ရန် လက်ကိုလှုပ်လိုက်စဉ် ငှက်တောင်ဟုန်သံကြားရ၏။ အမြင့်မှ ထိုးဆင်းလာသော အသံ။
အေးဆောင်လက်တွေ တုံ့ဆိုင်းသွားရ၏ ။ ထောင်ချောက်ဖက်သို့ မျက်လုံး စွေ ကြည့်လိုက်ရာ ကြီးမားလှသော ငှက်ကြီးလင်းယုန်။
ကြက်ကို ခြေဖြင့်ကုတ်ကာ ထိုးသုတ်သည်။
မပါ ၊ ချက်ချင်း ပြန်လှည့်ပြီး လာသည်၊
အေးဆောင် အသက်ပင်မရှုရဲ။
လှည့်လာပြီ။
သားစားငှက်သည်သည် တစ်ခါတော့ မသုတ် မကုတ် ထောင်ချောက်ပေါ် ဝင်နားသည်၊ "ဖျောင်း"ကနဲမျှော့ကြိုးပြုတ်သွားသည်။ သားစားငှက်ကြီး တအားထိုးပျံသည်။ မြားမှာ အလွတ်မဟုတ်၊ ကြိုးချည်ထားသည်။ သို့ကြောင့် သားစားငှက်ကြီးမှာ
ဆောင့်ဆွဲခံလိုက်ရကာ မြေပြင်ပေါ်သို့ တုံးလုံးကြီး ကျသွားလေ၏။
"သေပေတော့၊ မသာငှက်ယုတ်”
ဓားမတိုကို ဆွဲလျှက် မြသွယ် ပြေးထွက်သွားသည်။
အေးဆောင်မှာ ပီတိဖြစ်လျှက် ကျန်ခဲ့သည်။ သူသည် မြသွယ် အားကိုးသည့်အတိုင်း တာဝန်ကျေခဲ့ပြီ။
မြသွယ်၏ ကျေနပ်ခြင်း ပြုံးပန်းဝေဝေ ပန်ဆင်ပြခြင်းကို အမိန့်သား ခံယူရုံသာရှိတော့သည်။ သို့ကြောင့် အေးဆောင် အပြုံးမပျက် ထလာကာ တိုင်ထိပ်မှ ကြက်ကို ဖြုတ်လွှတ်လိုက်ပြီးမှ မြသွယ်ဘေးတွင် ဝင်ထိုင်လိုက်သည်။
သူ့ကြက်မအား သတ်သော သားစားငှက်ကိုမိလျှင် ဓားဖြင့် နုတ်နုတ်ပါအောင် စဉ်းပစ်မည် ကြုံးဝါးခဲ့သော မြသွယ်။ ယခုမူ ဓားမတိုကို မြေပေါ်ချထားသည်။ သွေးလူးပြီး အသက်ပျောက်နေသော ငှက်သူခိုး၏ ခေါင်းကို ပွတ်သပ်ပေးနေသည်။
"ဓားနဲ့ မခုတ်ပဲ ဘာလုပ်နေတာလဲ ဟင်”
မြသွယ်မျက်နှာကို စောင်းကြည့်မိသောအခါ အေးဆောင် အံ့ဩရသည်။ မြသွယ် မျက်နှာတွင် ဒေါသမရှိ၊ ကြင်နာခြင်း နံသာလူးလျက် နူးညံ့နေ၏။ သို့အတွက် အေးဆောင် တအံ့တဩ မေးရခြင်းဖြစ်၏ ။
"သနားစရာပါတော်"
"နင့်ကြက်မကြီးကို သတ်တဲ့ ငှက်စုတ် သနားနေရသေးလား”
"ကျုပ်ကြက်တွေကို သူသတ်မှ မသတ်နိုင်တော့တာဘဲတော်၊ သနားစရာပေါ့”
မြသွယ်၏ သဘောထားကို သဘောပေါက်အောင် အေးဆောင် အတော်ကြိုးစားရသည်။သဘောပေါက်လာသောအခါ သူသည် မြသွယ်ကို တိုး၍ မြတ်နိုးလာရတော့ သည်။
"နင်ဟာ သိပ်ပီး စိတ်ကောင်း ရှိတာပဲဟာ၊ ဒါကြောင့် နင့်ကိုလေ ငါ သိပ် သိပ်"
သို့သော် အေးဆောင် စကားမဆုံး၊ တစ်စုံတစ်ရာမျှလည်း မလှုပ်ရှားလိုက်ရ။ ဝင်ရိုးသံ တအီအီဖြင့် လှည်းတစ်စီး အိမ်ဝိုင်းထဲဝင်လာရာက
"သမီးရေ လုံမလေး"
ဈေးမှပြန်လာသော ဦးသက် ဒေါ်မြတို့ အော်ခေါ်သံကြောင့် မြသွယ်ပြေးထွက်သွားရာ အေးဆောင်မှာ ငှက်သေကြီးဘေးတွင် ငူငူကြီး ကျန်ရစ်ခဲ့လေ၏။
- ပြီး -
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် - မုဆိုး တံငါ စာပေများ
#မုဆိုးတံငါစာပေများပေ့ခ်ျမှကူးယူဖော်ပြသည်။
#crd
