Manifestation မှာ အသုံပြုကြတဲ့ Pillow technique နဲ့ Water technique
ဒီနည်းတွေက တကယ်တမ်းကျွန်မတို့ ငယ်ငယ်လေးကတည်းက တွေ့ဖူး မြင်ဖူး ကြားဖူးတဲ့နည်းတွေပါ။
Pillow technique ( ခေါင်အုံးကိုအသုံးပြုသောနည်း)
အလွယ်ပြောရရင် ခေါင်းအုံးအောက်ထားပြီး အိပ်လိုက်တာပေါ့နော်😅 ။
နည်းနည်းထပ်ရှင်းပြရမယ်ဆိုရင် လူတွေက ညဘက် 8 နာရီလောက်အိပ်ကြပါတယ်။ အိပ်နေပေမယ့် မသိစိတ်က မအိပ်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် မိမိManifest လုပ်နေတဲ့ အကြောင်းအရာ ပါတဲ့စာဖြစ်ဖြစ်၊ ဓာတ်ပုံဖြစ်ဖြစ် ၊ ပစ္စည်းဖြစ်ဖြစ် ( ဥပမာ ရွှေ/ ငွေ) ကို မိမိအိပ်ခါနီးမှာ မျက်စေ့ထဲ စွဲမြဲနေ​အောင် ကြည့်ပြီးရင် ခေါင်းအုံးအောက်မှာ ထားအိပ်ရပါတယ်။ အဲ့ဒီလို ထားအိပ်တဲ့အခါ အိပ်နေစဉ် တစ်ညလုံးလုံး မသိစိတ်ထဲကနေပြီး မိမိ Manifest လုပ်နေတဲ့အရာကို Energy field ( စွမ်းအင်စက်ကွင်း) ထဲကနေ Attract ( စွဲခေါ်) နေမှာဖြစ်ပါတယ်။ ဒီနည်းက လွယ်လည်း လွယ်တယ်။ လုပ်ရတာလည်း မပင်ပန်းပါဘူး။
✅ဒါကို မယုံကြည်လို့ မလုပ်ရင်တောင်မှ တစ်ခုတော့ အသိလေး ပေးချင်တာရှိပါတယ်။
✅အပေါ်ကပြောသလိုပါပဲ…. မိမိဖြစ်ချင်တာကို မအိပ်ခင် ခေါင်းအုံးအောက်မှာ / မအိပ်ခင် “အတွေး” ထဲမှာ ထားအိပ်ရင် Energy field ထဲကနေ attract လုပ်နေတတ်သလို “ မိမိမဖြစ်ချင်တဲ့အရာ၊ ပူပင်သောက ၊ စိုးရိမ် အန္တရာယ်ကိစ္စ များ” ကိုလည်း 🛌မအိပ်ခင် တွေးနေတာမျိုးကို ‼️ရှောင်ကျဉ်‼️သင့်ပါတယ်။
မိမိမှာ ဘာမှ Manifest လုပ်နေသူမဟုတ်ဘူးဆိုရင်တောင် ညအိပ်ခါနီး မှာ မိမိကိုးကွယ်ယုံကြည်သော ဘာသာတရား၊ သာယာနာပျော်ဖွယ် အကြောင်းတရား များကိုသာ တွေးတောပြီး အိပ်သင့်ပါတယ်။ ကလေးငယ်တွေကို အိပ်ယာဝင်ပုံပြင်တွေပြောပြတဲ့အခါမှာလည်း ပုံပြင်ပါ အကြောင်းအရာကို အသေအချာ စီစစ်ရွေးချယ်ဖို့ အကြံပြုလိုပါတယ်။
💧Water technique 💧
ရေကိုအသုံးပြုတဲ့နည်းကလည်း အများအားဖြင့် သိနေကြပြီးဖြစ်တဲ့နည်းပါပဲ။ ရေမန်းနည်းလို့ပြောလို့လည်းရပါတယ်။
ရေ နဲ့ပတ်သက်လို့ရှိရင် ယုံကြည်ချက်အမြောက်အမြားရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ 60% လောက်က ရေကိုအခြေခံတဲ့ အရည်ဓာတ်တွေပါ။ ရေကို သောက်တဲ့အခါ ပဲဖြစ်ဖြစ်၊ ရေစိမ်ချိုးတာ၊ ခြေထောက်ရေစိမ်တာ၊ မျက်နှာသစ်တာ၊ လက်ဆေးတာ၊ ရေကူးတာ၊ ရိုးရိုးရေချိုးတာမှန်သမျှက ရေဓာတ်ပြန်ဖြည့်နေတာပါ။ ရေမှာ မှတ်ဉာဏ်ရှိသလို ပြင်ပက စွမ်းအင်တွေကိုလည်း အလွယ်တကူ စုပ်ယူထိန်းသိမ်းနိုင်စွမ်းရှိပါတယ်။ positive vibe ရှိတဲ့နေရာမှာ ထားတဲ့ရေနဲ့ Negative vibe မှာထားတဲ့ရေကိုလည်း အေးခဲလိုက်တဲ့အခါ ထွက်လာတဲ့ရေခဲမှုန်လေးကို အနုကြည့်မှန်ပြောင်းအောက်မှာ ကြည့်လိုက်ရင်ဖွဲ့စည်းပုံတွေကွဲပြားတာကိုလည်း သိပ္ပံနည်းကျစမ်းသပ်လေ့လာထားကြပါတယ်။ ဒီလောက်ဆိုရင် ရေရဲ့ ပင်ကိုယ်အစွမ်းသတ္တိတွေ သိလောက်ပြီလို့ထင်ပါတယ်။
🍀Manifestation မှာ 💧ရေကိုအသုံးပြုတဲ့နည်းလွယ်ပါတယ်။ ရေကိုမသောက်ခင်မှာ ရေခွက်ကို လက်နှစ်ဘက်နဲ့ အသေအချာကိုင်ပြီး ရေရဲ့အာနိသင်ကို အရင်အောင့်မေ့ အမှတ်ရပြီး ကျေးဇူးတင်စိတ် အရင်မွေးမြူရပါတယ်။ ပြီးရင် မိမိ Manifest လုပ်မယ့်အကြောင်းအရာကို တိုတိုတုတ်တုတ် စိတ်ထဲကနေ ရွတ်ဆိုရပါမယ်။ ပြီးရင် ရေကိုသောက်လောက်တဲ့အခါ မိမိရည်မှန်းထားတာတွေ ပြည့်ဝသွားပြီလို့စိတ်ထဲက မှတ်ယူရင် ရပါပြီ။ ရေခွက်တွေ၊ ရေဘူးတွေမှာလည်း Intention တွေရေးထားတာကလည်း ထိုစကားလုံးများရဲ့စွမ်းအင်တွေကို ရေထဲ စီးဝင်အောင်လို့ပါ။ ရေချိုးတဲ့အခါတိုင်းမှာလည်း Intention set လုပ်ပြီးလည်း ချိုးလို့ရပါတယ်။
ရေဟာ သန့်စင်ပေးခြင်း၊ ခွန်အားဖြည့်ပေးခြင်းစတဲ့ ဂုဏ်သတ္တိ အများအပြားရှိပါတယ်။
ဗုဒ္ဓဘာသာဝင်များအနေနဲ့ သောက်တော်ရေကပ်ချိန်မှာ ဆုတောင်းလို့ရသလို အများသူငှါ လူအများအပေါ် မေတ္တာရှေ့ထားပြီး သောက်ရေစင်များ ထားပေးတာကလည်း တကယ့်ကို အကျိုးများစေပါတယ်။ ရေအကျိုး၁၀ ပါးက မတောင်းလည်း ပြည့်တဲ့အပြင် မိမိတောင်းဆုများပါ ပြည့်တာမို့ ဆုတောင်းလိုသူ/ Manifest လုပ်နေသူများအဖို့ ရေအလှူ များများလုပ်ပေးကြဖို့ တိုက်တွန်းအပ်ပါသည်ရှင်။

#crd

imageimage