မူဆယ်တွင် စက်သုံးဆီတစ်လီတာ ကျပ် (၁၂၀၀၀) အထိ ဈေးမြင့်တက်
တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် (၁၂၀၀၀)အထိ ဈေးမြင့်တက်နေပြီး အချို့စက်သုံးဆီဆိုင်များ ပိတ်ထားရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
တရုတ်နိုင်ငံဘက်မှ စက်သုံးဆီအပါအဝင် အခြားလူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်များကို တင်သွင့်ခွင့်ပိတ်လိုက်ပြီးနောက် ဒေသတွင်း စက်သုံးဆီဈေးများ မြင့်တက်လာပြီး လက်ကျန်ဆီများကို အကန့်အသတ်ဖြင့် ရောင်းချပေးနေရကြောင်း ဆိုသည်။
"ဂိတ်တွေပိတ်တော့ ဆီလက်ကျန်မရှိတော့တဲ့ ဆိုင်တွေက ပိတ်ထားပြီ။ လက်ကျန်ဆီရှိတဲ့ ဆိုင်တွေကပဲ ရောင်းပေးနေတာ။ ဆိုင်တွေမှာဆိုရင်တော့ ၉၅၀၀ ကျပ်နဲ့ရတယ်။ လိုချင်သလိုမရဘူး။ အပြင် ဆီဆိုင်အသေးတွေကတော့ ဒီနေ့အထိ ၁၂၀၀၀နဲ့ ရောင်းပေးနေတယ် "ဟု ၎င်းက ဆိုသည်။
အလားတူ ဒီဇယ်ဆီမှာ ဝယ်၍ မရလောက်သည်အထိ ပြတ်တောက်နေပြီး တရုတ်နိုင်ငံဘက်မှတင်သွင်းလာသည့် ဓာ တ်ဆီ (၂၀) လီတာ တစ်ပုံးလျှင် ကျပ်(၂)သိန်း ကျော်ပေးဝယ်နေကြရကြောင်း နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။
" ဆီပြတ်တယ်ပဲပြောရမှာပေါ့။ ဆီပြတ်လို့ အရင်လှောင်ထားတဲ့သူတွေက ဈေးတင်ရောင်းနေတာ။ ပြတ်တာကလ ည်း ဘာမှတင်သွင်းခွင့် မရတော့ဘူးလေ။ မူဆယ်မှာက တော်ရုံ ဈေးဝယ်လောက်ဆို ဆိုင်ကယ်တောင်မစီးရဲတော့ဘူး။ စက်ဘီးနဲ့ သွားရင်သွားမသွားရင် လမ်းလျှောက်ပဲ။ အခြေခံစားကုန်တွေလည်း မြင့်တင်လာပြီ"ဟု မူဆယ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လွန်ခဲ့သည့်ရက် နိုဝင်ဘာ (၁၁) ရက်၌ တရုတ်-မြန်မာ နယ် စပ် ကျယ်ဂေါင်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့ကို တရုတ်နိုင်ငံဘက်မှ တစ်ပြိုင်တည်းပိတ်လိုက်သည့်အပြင် ခရီးသည်တင်ယာ ဉ်အပါအဝင် ဆိုင်ကယ် ၊ သုံးဘီး၊ လက်တွန်းလှည်း စသည့်ယာဥ်များဖြင့် တစ်ပိုင်တနိုင်ကုန်စည်သယ်ယူခွင့်များကိုပါ ပိတ်လိုက်သည့် အတွက် ဒေသတွင်း စက်သုံးဆီအပါ အဝင် လူသုံးကုန်နှင့်စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာသည်အထိ ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။