9 w - Translate

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု တားဆီးကာကွယ်ရေး နှစ်နိုင်ငံဆွေးနွေး

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး နိုင်ငံတကာ ဥပဒေများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက ပြောကြားလိုက်သည်။

မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ(၁၃)ရက်က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၉) ရက်က ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် မြူကင်းစင်သော ကောင်းကင် (Clear Sky Strategy) မဟာဗျူဟာဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရာတွင် တောမီးလောင်ကျွမ်းမှု ထိန်းချုပ်ရေး၊ မီးငြှိမ်းသတ်ရေးစနစ်၊ စောင့်ကြည့်ရေးစနစ်၊ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုစနစ်၊ ဥပဒေများ ပြဋ္ဌာန်းခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း၊ အကောင်အထည် ဖော်ခြင်း၊ လိုက်နာခြင်းတို့ကို နိုင်ငံတကာ ဥပဒေများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု ၎င်းက ပြောကြားသည်။

မကြာမီကာလအတွင်း ပွင့်လင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်ရာ တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တော မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ စစ်ဆေးရေးနှင့် ပညာပေးရေး ဆောင်ရွက်မှုများ လုပ်ဆောင်ရန်လည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အိမ်သုံးနှင့် လယ်ယာသုံး စွန့်ပစ်ပစ္စည်းများအား မီးမရှို့စေရေး၊ စနစ်တကျစွန့်ပစ်နိုင်ရေး၊ အမှိုက်မီးရှို့စက်ဖြင့် စနစ်တကျမီးရှို့နိုင်ရေး ပညာပေးမှုများနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ရန် လိုအပ်ကြောင်း၊ ဒေသအလိုက် Fire Hotspot စောင့်ကြည့်ခြင်းနှင့် လေထုအရည်အသွေး တိုင်းတာခြင်းများလည်း ပုံမှန်ပြုလုပ်၍ သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ခြင်းများပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းဆက်လက် ပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များက မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီ၏ လုပ် ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်များ အကောင် အထည်ဖော်မှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလို က် အကြံပြုဆွေးနွေးတင်ပြရာ ကော်မတီ ဥက္ကဋ္ဌ ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့် စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဒုတိယဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။

image