Green Energy နှင့် New Energy များအတွက် တရုတ်နိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများဆွေးနွေး

နိုဝင်ဘာ ၁၄

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက်က ပေကျင်းမြို့ရှိ China National Petroleum Corporation (CNPC) ၏ ဧည့်ခန်းမဆောင်၌ CNPC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်း စီမံကိန်းများအတွက် လိုအပ်သည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိနိုင်ရေး၊ မြန်မာနှင့်တရုတ်နှစ်နိုင်ငံလုံးသည် သဘာဝဓာတ်ငွေ့လိုအပ် ချက်များရှိနေ၍ မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီးရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာ-တရုတ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းရည်အပြည့် အသုံးပြုနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက် ရေး၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ ပိုက်လိုင်းများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့် တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထိုနောက် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်တွင် ပေကျင်းမြို့ရှိ အမျိုးသား စွမ်းအင်အုပ်ချုပ်မှု အဖွဲ့ (National Energy Administration-NEA)၏ အစည်းအဝေးခန်းမဆောင်၌ ဒုတိယအကြီးအကဲ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ၊ စွမ်းအင်ဖူလုံမှုနှင့် လုံခြုံမှုအတွက် နှစ်နိုင်ငံဆောင်ရွက်နေသည့် အခြေအနေများ၊ Green Energy နှင့် New Energy များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍတွင် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသတို့နှင့် ပူးပေါင်း ဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရအချက်အချာကျသည့် အားသာချက်ကိုရယူ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် တရုတ်နိုင်ငံမှ ဆောင်ရွက်ပေးနိုင်သည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာသံရုံး၊ ပေကျင်းမြို့မှ သံမှူးကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြသည်။

#centralnewsnaypyitaw

image