မဏိပူရတွင် ကူကီးတပ်ဖွဲ့နှင့် အိန္ဒိယတပ်ဖွဲ့ တိုက်ပွဲဖြစ်

နိုဝင်ဘာ ၁၄၊ နယူးဒေလီ။

အိန္ဒိယနိုင်ငံ၊ မဏိပူရ (Manipur) ပြည်နယ်တွင် ကူကီးတပ်ဖွဲ့နှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး သေဆုံးမှုများလည်းရှိခဲ့ကြောင်း UCA News မှ ဖော်ပြခဲ့သည်။

ထိုအခြေအနေသည် ယခင်ကတည်းက တည်ငြိမ်မှုမရှိသည့် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွင် အကြမ်းဖက် မှုများ မြင့်တက်လာမည့် အခြေအနေသို့ ရောက်ရှိသွားနိုင်မည့် အရေးကို စိုးရိမ်ကြောင်း ဘုရားကျောင်း ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။

ကိုယ်ထူကိုယ်ထ လက်နက်ကိုင်များဟု ကူကီးလူမျိုးစုက သုံးနှုန်းဖော်ပြထားသည့် ကူကီးလက်နက်ကိုင်များသည် နိုဝင်ဘာ ၁၁ ရက်က ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ချိန်တွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာ ကူကီးလက်နက်ကိုင် ၁၁ ဦး သေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ပြိုင်ဘက်လူမျိုးစု အဖွဲ့များအကြား ရန်လိုမုန်းထားမှုများကို ပိုမိုမြင့်တက်စေနိုင်ပြီး မဏိပူရ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးအား ပြန်လည်ထိန်းသိမ်းလိုသည့် ဗဟိုအစိုးရ၏ အားထုတ်ကြိုးပမ်းမှုကို လျော့ကျ စေကြောင်း အမည်မဖော်လိုသည့် ဘုရားကျောင်းခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။

ဂျီရီဘမ် (Jiribam) ခရိုင်ရှိ Borobekra ရဲစခန်းတွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုအတွင်း ဗဟိုအရန် ရဲတပ်ဖွဲ့ (CRPF) ၏ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ပြီး ကူကီးတပ်ဖွဲ့သည် ခေတ်မီဆန်းပြားသည့် လက်နက်များ အသုံးပြုခဲ့ သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များဖိုရမ် (ITLF) ကမူ လူမျိုးစုဝင်များအား သတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး ထိုလက်နက်ကိုင်များသည် အစိုးရက ထုတ်ပြန်သကဲ့သို့ စစ်သွေးကြွများ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲဝံ့သည့် ကိုယ်ထူကိုယ်ထ လက်နက်ကိုင် ၁၁ ဦး ဝမ်းနည်းဖွယ် ကျဆုံးမှုအတွက် အလွန်ဝမ်းနည်းကြောင်း (ITLF) က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂျီရီဘမ်ခရိုင်တွင် မီးရှို့ခံထားရသည့် ကူကီးအမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၇ ရက်က ဇိုင်ရာဝမ် (Zairawan) ကျေးရွာတွင် ကသည်းလက်နက်ကိုင်များက ထိုအမျိုးသမီးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

Source: UCA News

ပုံ - မဏိပူရပြည်နယ်၊ အင်ဖာမြို့မှာ လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image