3 w - Translate

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ထပ်မံ အသိပေး

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး (၂) နှစ်ကျော် မကျန်ရှိပါက မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံးတို့၌ လာရောက် သက်တမ်းတိုးရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ထပ်မံအသိပေးထားသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိစ္စနှင့် ပတ်သက်၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးချစ်ဆွေ ဦးဆောင်သည့် တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာန (DOE) မှ ညွှန်ကြားရေးမှူးချုပ် Mr. Somchai Morakotsriwan ဦးဆောင်သည့် လူဝင်မှုကြီးကြပ်ရေးဗျူရို (Immigration Bureau) နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများသည် နိုဝင်ဘာ(၅)ရက်က မြန်မာသံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်အထိ ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (သို့) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားသူများအား ဆက်လက် သက်တမ်းတိုးဆောင်ရွက်မည့် ကိစ္စကို ထည့်သွင်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၂) နှစ်စီ (၂)ကြိမ်ဖြင့်၊ စုစုပေါင်း (၄)နှစ် ခွင့်ပြုသွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၁၃)ရက်အထိ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိထားသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ၎င်းတို့၏ နိုင်ငံကူးလက်မှတ် (သို့) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) သက် တမ်းအနည်းဆုံး (၂) နှစ်ကျော် ကျန်ရှိနေရန်လိုအပ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး (၂) နှစ်ကျော် မကျန်ရှိသူများအနေဖြင့်လည်း မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လာရောက်ဆောင်ရွက်နိုင်ကြောင်း ထိုင်းနိုင်ငံမှ ထပ်မံ အသိပေးလိုက်ကြောင်း သိရသည်။

CI မှ နိုင်ငံကူး လက်မှတ်သို့ လဲလှယ်လျှောက်ထားလိုသူများအနေဖြင့် မဟာချိုင်ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် (TDCC) ၌ သွားရောက် လျှောက်ထားနိုင်ကြောင်းလည်း အသိပေးကြေညာထားသည်။

CI စာအုပ်အဟောင်းမှ CI စာအုပ်အသစ်သို့ လဲလှယ်နိုင်ရေး ညှိနှိုင်းမှုများလည်း ပြုလုပ်ပြီးဖြစ်ပြီး မကြာမီ တရားဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းနှင့် စက်ရုံ၊ အလုပ်ရုံများရှိ မြန်မာအလုပ်သမားများအား Passport မှ Passport သို့လည်းကောင်း CI မှ Passport သို့လည်းကောင်း Mobile Team ဖြင့် လုပ်ဆောင်လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက်ဆက်သွယ်လုပ်ဆောင်နိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အသိပေးကြေညာလိုက်သည်။

image