တိုင်းနှင့် ပြည်နယ် ဒေသအလိုက် နိုဝင်ဘာ (၉)ရက်အထိ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဟု မိုး/ဇလ ထုတ်ပြန်
တောင်တရုတ်ပင်လယ်ပြင်၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဖြစ်ပေါ်နေသည့် မိုးလေဝသဖြစ်စဉ်များကြောင့် တိုင်းနှင့် ပြည်နယ်များတွင် နိုဝင်ဘာ (၉)ရက် အထိ ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သောကြောင့် ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။
ယနေ့ နိုဝင်ဘာ(၈) ရက်၊ မွန်းလွဲ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများ၊ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမည်ဖြစ်သောကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလမှ ထုတ် ပြန်သည်။
ထို့ကြောင့် ယနေ့ မွန်းလွဲမှ နိုဝင်ဘာ (၉)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
၎င်းအခြေနေများကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်သည်။
ထို့ကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့်လေကြောင်း ပျံသန်းရေးများလည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလမှ အကြံပြု သတိပေးထားသည်။

