နယ်စပ်ကုန်သွယ်ရေးပိတ်နေ၍ ကုန်ကားများ ရပ်နားထားရ
နိုဝင်ဘာ ၈
တရုတ်နယ်စပ်ကုန်သွယ်ရေးအားလုံးနီးပါးသည် ပြီးခဲ့သည့် အောက်တိုဘာလမှစတင် ပိတ်ထားသည့်အတွက် လက်ရှိတွင် ပြည်တွင်း၌ ကုန်စည်ရှားပါးနေပြီး ကုန်တင်သည့် ကုန်ကားအများအပြားလည်း ရပ်နားထားရသည်ဟု ကုန်ကားပိုင်ရှင်များထံမှ သိရသည်။
လက်ရှိ ပြေးဆွဲနေသည့် လမ်းကြောင်းများတွင်လည်း စက်သုံးဆီစရိတ် ကြီးမြင့်ခြင်း၊ စစ်ဆေးရေးဂိတ်များမှ ငွေကြေးကောက်ခံနေသည့် ပမာဏ များပြားနေခြင်းကြောင့်လည်း ကုန်ကျစရိတ် မြင့်တက်နေသည့်အတွက် တချို့သော ကုန်ကားများ ရပ်ထားကြသည်။
ကုန်ကားပိုင်ရှင်တစ်ဦးဖြစ်သည့် ကိုသစ္စာက “လက်ရှိ ကားတွေတော်တော်များများ ပြေးစရာလမ်းမရှိဘူး။ ရပ်ထားရတယ်၊ ပြေးရင်လည်း မကိုက်ဘူး။ ထွက်ရင်လည်း မကိုက်ဘူး။ လက်ရှိ ဆီဈေးနဲ့ပေါ့နော်။ ဆီဈေးဆိုတာ အဓိကမကျဘူး သူ့ဈေးနဲ့သူ။ လမ်းမှာ ဘာမှန်းမသိဘဲ ပေးရတာတွေက အများကြီး။ ပြောချင်တာက အနိမ့်ဆုံးက ၅ ထောင်၊ ၁ သောင်း၊ ၁ သောင်းခွဲ တချို့ဂိတ်တွေဆို သိန်းချီပြီး ပေးရတာ။ အဲဒီပြဿနာတွေရှိတဲ့အတွက်ကြောင့် လက်ရှိ ကားတွေဆိုလည်း ပိုက်ဆံမရဘူးဆိုပေမယ့် ဒီလူတွေ အလုပ်ရှိရေးအတွက် သူတို့ ဝမ်းရေးအတွက် အသာ မှေးနေရတာ။ အဲဒီအခါကျတော့ ဒီစရိတ်တွေ ပြန်နုတ်လိုက်ရင် လောက်ဖို့ နေနေသာသာ ကားအုန်နာတွေအနေနဲ့ မကိုက်ဘူး၊ မကျန်ဘူး။ မကျန်ပေမယ့်လို့ ကိုယ့်ရဲ့ ယာဉ်လုပ်သားတွေရှိတော့ အသာမှေးပြီး ထွက်ခိုင်းရတာ။ ရပ်ထားတဲ့ကားတွေ အများကြီးပဲ” ဟု ပြောသည်။
ယခင်က နယ်စပ်ကုန်သွယ်ရေးသို့ ပြေးဆွဲနေသည့် ကုန်တင်ကားများသည် လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးသို့ ပြေးဆွဲနေကြရကြောင်း၊ သို့သော်လည်း ကုန်စည်ရှားပါးသည့်အတွက် အဆင်မပြေဖြစ်နေသည်ဟု ကုန်ကား ပိုင်ရှင်တစ်ဦးဖြစ်သည့် ကိုသစ္စာက ပြောသည်။
“နယ်စပ်ကုန်သွယ်ရေးတွေ ရပ်ထားတဲ့အတွက်ကြောင့် ဥပမာတစ်ခု ပြောပြမယ် မူဆယ်လမ်း ပိတ်ထားတယ်။ မြဝတီလမ်း ပိတ်ထားတယ်။ မြစ်ကြီးနားလမ်း ဖွင့်တစ်လှည့် ပိတ်တစ်လှည့် ဖြစ်နေတယ်။ ဖားကန့်လမ်း ပိတ် ထားတယ်။ ဒီလမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် မြန်မာနိုင်ငံမှာ ရှိသမျှကားတွေက ဘယ်ကိုတက်လာလဲ ဆိုတော့ ရန်ကုန် - မန္တလေးလမ်း ရန်ကုန်ကိုပဲ ဦးတည်ပြီး လာကြတော့တာ။ လာကြတဲ့အခါကြတော့ ရှင်းတယ်၊ ကားပုံသွားရင် ကုန်ပါးတာပဲ။ ကားတွေက ရန်ကုန်မှာပဲ လာပုံတယ်။ ရန်ကုန်မှာလည်း ကားတွေက ရပ်ထားလို့ ရှိရင် တစ်ရက်တစ်ရက် ကားရပ်ခကလည်း ရှိသေးတယ်။ စပယ်ယာ၊ ဒရိုက်ဘာ စားစရိတ်တွေ ရှိတယ်။ ဒါတွေက အုန်နာတွေက ခံရတာပဲလေ။ အကျိုးသက်ရောက်မှုကတော့ အခုလက်ရှိအနေအထားကတော့ မြေပြင်မှာ ဖြစ်နေ တာက ဘာလုပ်ငန်းမှ လုပ်လို့မကောင်းဘူး” ဟု ပြောသည်။
ထို့နောက် နယ်စပ်ကုန်သွယ်ရေး ပိတ်ထားသည့်အပြင် နယ်စပ်မှတဆင့် တင်သွင်းလာသည့် တရုတ်နှင့် ထိုင်း ကုန်စည်တချို့ကိုလည်း တရားမဝင်ကုန်စည်များဟု သတ်မှတ်ထားခြင်းကြောင့် ရန်ကုန်နှင့် မန္တလေးသို့ ဝင်ရောက်သည့် ကုန်စည်များလည်း ရှားပါးနေကြောင်း သိရသည်။
ယခင်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ပြေးဆွဲသည့် ကုန်ကားတစ်စီးအနေဖြင့် ငွေကျပ် သိန်း ၂၀ ကျော် ကျန်ရှိသော်လည်း လက်ရှိတွင် ပြည်တွင်း၌သာ ပြေးဆွဲနေရခြင်းကြောင့် ၂ သိန်းခန့်သာ ကျန်ရှိသည်ဟု ကုန်ကားမောင်းနှင်သူ ကိုစိုင်းထက်က ပြောသည်။
“အလုပ်မရှိတော့ အဆင်ပြေတဲ့နေရာ ရှာကြံပြီးတော့ စားဝတ်နေရေးအတွက် ဖြတ်ဆွဲရတာပေါ့။ သဘော တရားက ပုံပေးတယ်ဆိုရင် ပုံပေးတဲ့နေရာ သွားရှာပေါ့ တင်ပေါ့။ သဘောတရားက မြိတ်တင်မလား၊ မြဝတီ တင်မလား ကားရပ်မနေအောင်ပေါ့။ အဲဒီလိုမျိုးတော့ သွားရတာပေါ့။ လောလောဆယ်တော့ မိုင်းလားလည်း ပိတ်ထားတယ်ဗျာ။ တာချီလိတ်လည်း ပိတ်ထားတယ်ဆိုတော့ အလုပ်မဖြစ်တော့ဘူး။ အဆင်တော့ ပြေတာပေါ့ သိပ်မကျန်ဘူးပေါ့။ ၁ သိန်းခွဲလို၊ ၂ သိန်းခွဲလိုလို၊ ကွာတာပေါ့ ဒီဘက်တွေက ရတာပေါ့ဗျာ။ တစ်ခေါက် ၂၅/၃၀/၄၀ ပေါ့ ကျန်တာပေါ့ ကားအုန်နာတွေအတွက်။ ပြည်တွင်းထဲကျတော့ အလုပ်မရှိတာထက်စာရင် သာတာပေါ့ဗျာ။ ကုန်သွယ်ရေးလုံးလုံး ပိတ်ထားတဲ့အတွက် သွားရေးလာရေးတော့ ခက်ခဲတာပေါ့။ သွားရေးလာရေးဆိုတာ ကုန်မရှိတဲ့အတွက်လေ။ ရှိတဲ့ကုန်သွားမယ်၊ မရှိဘူးဆို ရပ်ထားမယ်” ဟု ပြောသည်။
ပွင့်လင်းရာသီရောက်ချိန်တွင် ပြီးခဲ့သည့် မိုးတွင်း၌ ရပ်နားထားသည့် ကုန်တင်ကားများ ပြန်လည်ပြေးဆွဲကြ သော်လည်း လက်ရှိ ပွင့်လင်းရာသီတွင် ကုန်စည် ရှားပါးနေခြင်းကြောင့် ကုန်တင်ကား အများအပြား ပြေးဆွဲ နိုင်ခြင်း မရှိကြောင်း သိရသည်။
ပုံ - နယ်စပ်ကုန်သွယ်ရေးလမ်းတစ်ခု၌ တွေ့ရသည့် ကုန်တင်ကများ(ပုံအဟောင်း)
#centralnewsnaypyitaw