အထောက်အထားမဲ့မြန်မာလုပ်သား ၁၆၀ ကျော်ကို ထိုင်းလဝက တစ်ရက်တည်းမှာဖမ်းဆီး
နိုဝင်ဘာ ၇၊ နိုင်ငံတကာ။
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ထဲမှာ အထောက်အထားမဲ့မြန်မာအလုပ်သမား ၁၆၁ ယောက်ကို နိုဝင်ဘာ ၆ ရက်၊ မနေ့ တစ်ရက်တည်းမှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၃ က ထုတ်ပြန်ပါတယ်။
ထိုင်းလဝကအရာရှိနဲ့ ပူးပေါင်းအင်အားစုစုပေါင်း ၄၀၀ ဟာ စီမံချက်အနေနဲ့ ဒီခရိုင်ထဲက နေရာ ၃၀ ကို ဝင်ရောက်စစ်ဆေးခဲ့တာလို့ ထိုင်းလဝကက နိုဝင်ဘာ ၇ ရက် သတင်းထုတ်လာတာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ထဲမှာ မြန်မာနိုင်ငံသားရာကျော်အပြင် ကမ္ဘောဒီးယား ၇၅ ဦး၊ လာအိုနိုင်ငံသား ၂ ဦးတို့လည်း ပါတယ်လို့ ထုတ်ပြန်ပါတယ်။
တရားမဝင် နိုင်ငံခြားသား နှိမ်နင်းရေးနဲ့ပတ်သတ်တဲ့ ထိုင်းရဲချုပ် ညွှန်ကြားချက်ကြောင့် လဝကဌာနခွဲ ၃ က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို အဓိကထားစစ်ဆေးခဲ့တာပါ။
ဒီလဝကဌာနခွဲ ၃ အောက်က စမွတ်ပရာကန်၊ ကန်ချနဘူရီ၊ ချန်တဘူရီ၊ ချွန်ဘူရီ၊ ထရက် အပါအဝင် ခရိုင် ၂၅ ခုမှာ အခုလို စီမံချက်နဲ့ဖမ်းဆီးတာတွေ ထပ်ရှိလာနိုင်တယ်လို့ ထိုင်းသတင်းတွေက ပြောထားကြပါတယ်။
နိုဝင်ဘာလ ပထမပတ်အတွင်းမှာလည်း တရားမဝင် မြန်မာရွှေ့ပြောင်း ၁၀၀ ကျော်ကို ထိုင်းရဲက ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေကပြောထားပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး