10 w - Translate

အောင်ပွဲရထရမ့်ထံ သမ္မတရှီ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အောင်ပွဲရခဲ့သော ဒေါ်နယ်ထရမ့်ထံ တရုတ်သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

"တည်ငြိမ်ကျန်းမာပြီး ရေရှည်တည်တံ့သော တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံး၏ ဘုံအကျိုးစီးပွားအတွက်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်း၏ မျှော်မှန်းချက်နှင့်အညီဖြစ်သည်" ဟု ရှီက ၎င်း၏သဝဏ်လွှာတွင် ဖော်ပြထားကြောင်း သိရသည်။

နှစ်နိုင်ငံစလုံးနှင့် ပိုမိုကျယ်ပြန့်သောကမ္ဘာကို အကျိုးရှိစေရန်အတွက် ခေတ်သစ်တွင်ပေါင်းစည်းရန် နည်းလမ်းကောင်းများ ရှာဖွေရန်နှစ်နိုင်ငံစလုံးကို ရှီကတိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းက ဆိုထားသည်။

အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မတူညီမှုများကို စနစ်တကျစီမံခန့်ခွဲပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားရန် တရုတ်သမ္မတရှီက မျှော်လင့်သည်ဟု ယင်းသဝဏ်လွှာတွင် ထည့်သွင်းရေးသားထားကြောင်းကိုလည်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တို့ တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြကြောင်း အမေရိကန်အခြေစိုက် CNN သတင်းဌာနက အစောပိုင်းတွင် ဖော်ပြခဲ့သည်။ သို့သော်လည်း ရှီနှင့် ထရမ့်တို့ကြား တယ်လီဖုန်းပြောဆိုမှုနှင့်ပတ်သက်၍ မေးမြန်းသောအခါ ဝါရှင်တန်ရှိ တရုတ်သံရုံးက ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးစရာမရှိပါဟု တုံ့ပြန်ခဲ့ကြောင်း CNN ကဆိုသည်။

image