တရုတ် - မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ နဲ့ သဘောတူစာချုပ် (၇)ခု ရေးထိုးချုပ်ဆို
နိုဝင်ဘာ ၇
တရုတ် - မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ နဲ့ သဘောတူစာချုပ် (၇)ခု ကို နိုဝင်ဘာ (၆) ရက်နေ့က ရေးထိုးချုပ်ဆိုခဲ့ကြတယ်လို့သိရပါတယ်။
စာချွန်လွှာနဲ့ သဘောတူစာချုပ် တွေကို နစက ဥက္ကဌနဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုအပြီး ချုပ်ဆိုခဲ့ကြတာလို့ သိရပါတယ်။
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးတဲ့ထဲမှာ တိကျစွာ တိုင်းတာခြင်း နည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်နားလည်မှုစာချွန်လွှာ၊ အားကစားမြှင့်တင်ရေး နားလည်မှုစာချွန်လွှာ နဲ့ တရုတ်နိုင်ငံရဲ့ စံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးဌာန (SAC)နှင့် မြန်မာနိုင်ငံ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန (DRI) တို့အကြား နားလည်မှုစာချွန်ဆိုတဲ့ (၃)စောင်ကို ရေးထိုးခဲ့ကြတာလို့ သိရတယ်။
သဘောတူ စာချုပ်တွေအနေနဲ့ကတော့ မြန်မာကောင်စစ်ဝန်ရုံး (ကူမင်းမြို့)နဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး (မန္တလေး)တို့အကြား မြေနေရာငှားရမ်းခြင်းစာချုပ်၊ သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းစီမံကိန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ အတွက် ဓာတုဆိုင်ရာ လိုအပ်ချက်များ၊ အပင်ပိုးမွှား ရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်တို့ ချုပ်ဆိုခဲ့ကြတာလို့ သိရပါတယ်။
နစက ဥက္ကဌဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားချက်နဲ့ ထိပ်သီးအစည်းတွေ တက်ရောက်ဖို့ ရောက်ရှိနေချိန် တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်းတွေ့ဆုံခဲ့ပြီး စီးပွားရေး လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါသေးတယ်။
#သတင်းဟင်းလေးအိုးကြီး