"ဓာတ်"ဟု ခေါ်ဆိုပုံ အသုံးအနှုန်းနှင့် ရှေးဟောင်း ဓာတ်မီးခြစ်..
ယနေ့ခေတ် ဂက်စ်မီးခြစ် များ မပေါ်သေးခင်က ဂွမ်းကိုဓာတ်ဆီထည့်ပြီး အသုံးပြုရတဲ့ကြေးမီးခြစ်၊ ဒန်မီးခြစ်များသာလျှင် မြန်မာနိုင်ငံမှာ သုံးခဲ့ကြရပါတယ်။
ထိုအရာကို ရှေးလူကြီးများက ဓာတ်မီးခြစ်ဟု ခေါ်ဆိုကြပြီး မြန်မာအခေါ်အဝေါ် အစဉ်အလာတွင်မရှိခဲ့သေးဘဲ အင်္ဂလိပ်များနှင့်အတူ ပါလာသော ခေတ်ပေါ်ပစ္စည်းများကို ရှေးမြန်မာများက ဓာတ်ဟူ၍ တွဲစပ်ကာ သုံးနှုန်းခဲ့ကြပါတယ်။
များသောအားဖြင့် ရှေးမြန်မာများက ပစ္စည်းအခေါ်အဝေါ်များကို မိမိတို့စတင်သုံးစွဲဖို့ ရောက်လာပြီဆိုရင် ဓာတ်နဲ့စကာ ခေါ်ဝေါ်သုံးနှုန်းလိုက်ကြတာကို တွေ့ရပါတယ်။ရေနံဆီမှတစ်ဆင့် တက်လာသောဆီကို ဓာတ်ဆီ၊ ထင်း၊ မီးသွေး မသုံးတော့သော ရထားကို ဓာတ်ရထား၊ ရုပ်ရှင်ကို ဓာတ်ရှင်၊ သီချင်းနားထောင်သောစက်ကို ဓာတ်စက်၊ဓာတ်ပြား၊ထူးထူးဆန်းဆန်း လျှပ်စစ်သိုလှောင်ထားသော အခဲလေးကို ဓာတ်ခဲ၊ ဓာတ်ခဲထည့်၍ မီးလင်းသော အရာကိုဓာတ်မီး …စသည်ဖြင့် နှုတ်နှင့်စကားအခေါ်အဝေါ် အမည်ပေးခဲ့ကြပါတယ်။
ကျွန်တော်မြန်မာလူမျိုးတွေဟာ ဓာတ်ဆီနှင့် ဂွမ်းကိုတို့သုံးရတဲ့ ဓာတ်မီးခြစ်ကြီးများကိုလည်းတဂျောက်ဂျောက်ခြစ်ကာ သုံးခဲ့ကြရဖူးသလို အဲ့ဒီခေတ်ကအသုံးများလှတဲ့ နတ်သမီးတံဆိပ်၊ ကင်းမြီးကောက် တံဆိပ်ယမ်းမီးခြစ်ဘူးလေးများကို အသုံးပြုခဲ့ကြပါသေးတယ်။
ရှေးက ဆေးပေါ့လိပ်သောက်သုံးလေ့ရှိကြတဲ့ အဘိုး၊အဘွားများဆိုရင် မီးခြစ်ဆံသုံး မီးခြစ်များနဲ့အတူ ဓာတ်မီးခြစ်များကိုလဲ လက်ညောင်းအောင် ခြစ်ကြရပြီး လက်မများတွင် မည်းနေကာ အသားမာများပင် တက်လေ့ရှိအောင် အသုံးပြုကြရတာကိုလဲ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ထို့အပြင် အဘိုးအဘွားတို့ကဘုရားမီးထွန်းတဲ့ အခါ "ဘုရားမှာ ပထမဆုံးစပြီး ပူ ဇော်၊ ပြီးတော့မှ အိမ်မီးတွေ လိုက်ထွန်း "… ဟုနေဝင်ချိန်မှာ ဘုရားမီး ပူဇော်ခြင်း၊ အိမ်မီးများ ထွန်းညှိခြင်းကို "နေဝင်မီးလက် စီးပွားတက်"ဟူသော ရှေးထုံးနဲ့အညီ စီးပွား တက်စေနိုင်ကြောင်း ပြောပြရှင်းပြခဲ့ကြပါသေးတယ်။
ဒါကြောင့် ရှေးခေတ်က အသုံးပြုခဲ့ပြီး မေ့လျော့နေကြတဲ့ဓာတ်မီးခြစ်ရဲ့ သမိုင်းအခြေခံကို မှတ်တမ်းဝင် "ဓာတ်မီးခြစ်"ရယ်လို့ လေ့လာမိသလောက် ယနေ့ခေတ်လူငယ်များလက်ဆင့်ကမ်းထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ဖော်ပြတင်ဆက်လိုက်ရပါတယ်ခင်ဗျ။
#ancient
#history
#culture
#heritage
#frankiestories