အမေရိကန်ပြည်ထောင်စုမှာ သမ္မတလောင်းတွေ မဲဆွယ်ပွဲနောက်ဆုံးနေ့ အပြိုင်အဆိုင်မဲဆွယ်နေကြ
နိုဝင်ဘာ ၄၊ နိုင်ငံတကာ။
အမေရိကန်ပြည်ထောင်စုမှာတော့ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲကျင်းပဖို့ တစ်ရက်ပဲလိုတော့တဲ့အချိန်မှာပဲ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ် ထရမ့်နဲ့ ဒီမိုကရက်တစ် ပါတီသမ္မတလောင်း ကာမလာ ဟဲရစ်တို့လည်း မဲဆွယ်ပွဲ နောက်ဆုံးနေ့မှာ အပြိုင်မဲဆွယ်နေကြပါတယ်။
သမ္မတလောင်း နှစ်ဦးစလုံးဟာ မဲဆွယ်ပွဲနောက်ဆုံးကာလကို အကြိတ်အနယ်ယှဥ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ သွားရောက်မဲဆွယ်နေကြပါတယ်။
ဟဲရစ်က ဒီနေ့မှာ ပန်ဆေဗေးနီးယားပြည်နယ်မှာ မဲဆွယ်ဖို့ရှိသလို ထရမ့်ကလည်း ပန်ဆေဗေးနီးယားအပြင် မြောက်ကယ်ရိုလိုင်းနားနဲ့ မီချီဂန်ပြည်နယ်တို့ကို သွားဖို့ရှိပါတယ်။
ဒီအတောအတွင်းမှာပဲ သမ္မတလောင်း နှစ်ဦးဟာ ဆန့်ကျင်ဘက် သတင်းစကားကို လူထုကို ပါးနေကြပြီလို့ ဘီဘီစီရဲ့ မြောက်အမေရိကဆိုင်ရာအယ်ဒီတာ ဆာရာ စမစ်က ရေးပါတယ်။
ဘာကြောင့်လဲဆိုရင် ဒေါ်နယ် ထရမ့်က ဒီမိုကရက်တွေဟာ ရွေးကောက်ပွဲကို ခိုးယူဖို့ ကြိုးပမ်းနေတယ်လို့စွပ်စွဲလိုက်ပြီး တနင်္ဂနွေနေ့တုန်းက ဂျော်ဂျီယာပြည်နယ်ကို ရောက်တုန်းမှာပဲ သူ မဲနိုင်မယ့်လမ်းကြောင်းပေါ် ရောက်နေပြီဆိုပြီး လူထုတွေ့ဆုံ မဲဆွယ်ပွဲတစ်ခုမှာ ပြောထားပါတယ်။
တဖက်မှာတော့ ကာမလာ ဟဲရစ်ဟာ ထူးထူးခြားခြားပဲ ဒေါ်နယ် ထရမ့်အကြောင်းကို ပြစ်ပြစ်နှစ်နှစ် ဝေဖန်ပြောဆိုတာမျိုး မလုပ်တော့တာတွေ့ရပါတယ်။ မဲဆွယ်ပွဲကို အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင်နဲ့ အဆုံးသတ်ချင်တာကြောင့် ဒေါ် နယ် ထရမ့် နာမည်ကို ထည့်ထည့်ပြောနေတာတွေရပ်လိုက်ပြီလို့ ဟဲရစ်က ပြောပါတယ်။
သမ္မတလောင်းတွေဟာ သူတို့ထဲက ဘယ်သူ သမ္မတ ဖြစ်လာရင် နိုင်ငံတော့ ဘာဖြစ်သွားပါလိမ့်မယ်လို့ ပုံဖော်ပြီး ဒေါသစွက်တဲ့အကြိတ်အနယ် ယှဥ်ပြိုင်မှုတွေ မကြာမကြာဖြစ်ခဲ့တဲ့ အမေရိကန် သမ္မတအိမ်တော် အိမ်ဖြူတော်ကို အရောက်လှမ်းရေး မဲဆွယ်ခရီးကို သမ္မတလောင်း နှစ်ဦးစလုံးက ပန်ဆေဗေးနီးယားပြည်နယ်မှာ အဆုံးသတ်ကြမှာဖြစ်ပါတယ်။
ဒါပေမဲ့ မဲတွေအားလုံးကိုတော့ သူတို့ မရနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် ပြည်နယ်အများစုမှာ ကြိုတင်မဲပေးထားသူက ၇၆ သန်းကျော်ပဲ ရှိသေးလို့ဖြစ်ပါတယ်။ ဒီပမာဏဟာ ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးခဲ့ကြသူအရေအတွက်ရဲ့ ထက်ဝက်ပဲ ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး