10 w - Translate

" အမေက လက်ခုပ်ကို ပထမအပုဒ်လိုလှိုက်လှိုက်လှဲလှဲ တီးနေတယ်။ အဖေကလည်း လက်ခုပ်တီးလို့၊ အဖေ့လက်ခုပ်သံ ဒီတစ်ခါပဲ ကြားဖူးတယ်။ အဖေနဲ့ အမေရဲ့ လက်ခုပ်သံတွေက ကျွန်တော့်နှလုံးသားကို ဖိညှစ် ဆုပ်နယ်နေတယ်။ "
ဇွန်မိုး
ဒီနေ့ညွှန်းပေးမယ့် စာအုပ်လေးကတော့ ဆရာညီပုလေး အင်းစိန်ထောင်ထဲမှာရှိနေစဥ် ခင်မင်သိခွင့်ရခဲ့တဲ့ ကိုမိုးမြင့် ဆိုတဲ့ ဂစ်တာဝါသနာဦး ကောင်လေးတစ်ယောက်ကို အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။
ဇာတ်လမ်းလေးကို စပြောရမယ်ဆိုရင်
ညီအစ်ကိုအရင်းလို ချစ်ခင်ကြတဲ့ ကိုချိုတီနဲ့ ဇွန်မိုး ဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ ဂီတာတစ်လုံးကို နှစ်ယောက်စပ်ဝယ်ပြီး ဝါသနာပါရာ အနုပညာကို လေ့ကျင့်နေကြတယ်။ ဇွန်မိုးဆိုတာကတော့ ဘေ့စ်ဂစ်တာကို ဇောက်ချတီးနေတဲ့ အင်မတန်ရူးသွပ်တဲ့ ကောင်လေးတစ်ယောက်ပါ။ ရုရှားစာရေးဆရာ အလက်ဇင်ဒါပုသျှကင် လို အမှတ်တရရုပ်တု အထုခံရတဲ့ လူတစ်ယောက်ဖြစ်ချင်ပြီး ဆီဆုံဆည်ရွာစား နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားစိန်ဗေဒါကို လေးစားအားကျနေသူ။ ငယ်စဥ်ကတည်းက အမေနဲ့အတူမနေခဲ့ရဘဲ အဖေနဲ့သာ ကြီးပြင်းခဲ့ရပြီး အမေ့မေတ္တာကို အချိန်တိုင်း တောင့်တနေသူဖြစ်ပါတယ်။ ဇွန်လမိုးရေထဲမှာ မွေးခဲ့တာကို အစွဲပြု၍ ဇွန်မိုး လို့ အမေကနာမည်မှည့်ပေးခဲ့ပြီး သူ့အစ်ကိုကတော့ ဒီဇင်ဘာ နာတာလူးရက်မှာ မွေးခဲ့လို့ ဒီဆောင်း လို့ အမည်ရပါတယ်။
ဂစ်တာကို နေ့စဥ်ပုံမှန် ၅နာရီ လောက် လေ့ကျင့်ပြီး သူလေးစားရတဲ့ မန္တလေးက ဂစ်တာသမားတစ်ယောက်က တစ်နေ့ ၆နာရီလေ့ကျင့်တယ်ဆိုတာ သိသိချင်း " ငါကရော ဘာလို့ မကျင့်နိုင်ရမှာလဲ၊ ကျင့်ကိုကျင့်နိုင်ရမယ် " ဆိုတဲ့စိတ်နဲ့ ကြိုးစားပြီး တီးကျင့်တယ်။ ဘောလုံးကန်ရာမှ ပန်းချီပညာကို လေ့လာပြီး ပန်းချီကနေမှတစ်ဆင့် ဂစ်တာတီးကို စပြီး လေ့လာခဲ့တဲ့ ဇွန်မိုးဟာ သူ့အမေရဲ့ စိတ်ရောဂါဝေဒနါ ပျောက်ကင်းဖို့ကိုလည်း အမြဲတမ်း စိတ်ကူးယဥ်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘေ့စ်ဂစ်တာကို အရူးအမူးဖြစ်တဲ့ ဇွန်မိုးတစ်ယောက် ရွှေကြိုးကြာစိုက်ခင်းမှာနေတဲ့ ကိုယဥ်သူစီ အလည်ရောက်သွားပြီးတဲ့အခါမှာ ကလပ်ဇစ်ဂီတာကို စတင်စွဲလမ်းသွားပါတော့တယ်။
လူတိုင်းအတွက် အရေးကြီးတဲ့ ဆယ်တန်းစာမေးပွဲကိုဖြေဖို့ မေ့ရလောက်တဲ့အထိ ဂစ်တာအပေါ်ကို ရူးသွပ်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူတီးတဲ့သီချင်းမှာ သူ့နာမည်မပါခဲ့ရင်တောင် နာမည်ပါတာ မပါတာထက် နောက်ကွယ်ကနေပဲ လိုအပ်တဲ့နေရာကို ဖြည့်ဆည်းပေးချင်သူတစ်ယောက်ဖြစ်နေပါတယ်။ ဂစ်တာဘက် စိတ်အားထက်သန်နေတဲ့ ဇွန်မိုးက အမေ့မျက်နှာ၊ အဖေ့မျက်နှာနဲ့ အစ်ကိုတွေ မျက်နှာကြောင့် စာကို ဇွတ်နှစ်ကျက်ခဲ့ပြီး ဂီတပညာကို စနစ်တကျ သင်ပေးနိုင်တဲ့ ကျောင်းကိုလည်း တက်ချင်နေသူဖြစ်ပါတယ်။
💧 ရွှေကြိုးကြာစိုက်ခင်းမှာ ကလပ်ဇစ်ကယ်ကို စွဲလမ်းခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ ရန်ကုန်ပြန်ရောက်ချိန်မှာ ဂစ်တာလက်စွမ်းပြနိုင်ပါတော့မလား...❓
💧 ရွှေကြိုးကြာစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ အမှုလေးမှုပိုင်ရှင် လေးမှု တဖြစ်လဲ ပွင့်လင်း ဆိုတဲ့ ကောင်လေးနဲ့ရော ဘယ်လိုတွေဆက်နွယ်နေမလဲ...❓
💧 သူနားထောင်စေချင်သူတွေ၊ သူ့ကို ကူညီပံ့ပိုးပေးနေသူတွေရဲ့ နှလုံးသားထဲကိုရော သူ့ရဲ့ဂီတသံ ဝင်ရောက်နိုင်ပါဦးမလား...❓ ဆိုတဲ့ မေးခွန်းများစွာနဲ့ ဖခင်မေတ္တာ၊ အစ်ကိုတစ်ယောက်ရဲ့ မေတ္တာတွေကိုပါ ခံစားရစေမယ့် စာအုပ်လေး ​ဖြစ်ပါတယ်။
ဒီစာအုပ်လေးထဲမှာ ဂီတအမျိုးအစား၊ နာမည်ကြီးသီချင်း၊ နာမည်ကြီး တေးရေးဆရာနဲ့ စာအုပ်တွေ အကြောင်း အများကြီးပါဝင်ပါတယ်။ စာအုပ်လေးကိုဖတ်ရင်း ဇွန်မိုးရဲ့ အပျော်တွေ ကိုယ့်ဆီကူးစက်လာပြီး စာအုပ်ထဲမှာပါတဲ့ သီချင်းလေးတွေကိုလည်း လိုက်ဆိုမိပါလိမ့်မယ်။ အမှန်တကယ် စိတ်ဝင်စားစရာကောင်းပြီး ဂစ်တာနဲ့ပတ်သက်တဲ့ ဗဟုသုတ၊ စိတ်ခွန်အားတွေအပြင် ဂီတသံစဥ်တွေကိုလည်း မြတ်နိုးတတ်လာမှာဖြစ်တာကြောင့် အားလုံးဖတ်သင့်သော စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်ရှင်။
ချစ်သူငယ်ချင်းကောင်း ရတနာစု
ဗီယက်နမ်ပြည် လွတ်လပ်ရေးရဖို့ လူပျိုကြီးဟိုချီမင်း ဦးဆောင်ခဲ့တာမှန်ပေမယ့် တရုတ်ပြည်သူ သန်းခြောက်ရာကျော် လွတ်မြောက်ဖို့ ဥက္ကဋ္ဌကြီး မော်စီတုန်း ဦးဆောင်ခဲ့တာပဲ။ ငါ မော်စီတုန်းကို ပိုပြီး အားကျတယ်။ သူ့နံဘေးမှာ စာပေဝါသနာပါတဲ့ ဇနီးကောင်း မဒမ်ချန်ချင်း ရှိတယ်။
နင့်ရဲ့သူငယ်ချင်းကောင်း
ဇွန်မိုး
#လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံ
#ညီပုလေး
#bookreview
#book
#wisdombookshopshwepyitha
#crd

image