3 w - Translate

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူ (၃၃) ဦးအား အတည်ပြုပြီးပါက လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများထဲမှ လူတွေ့စစ်ဆေးခံယူကာ အကြောင်းပြန်ကြားသူ (၃၃) ဦးအား အတည်ပြုပြီးပါက နေထိုင်ခွင့်လက်မှတ်နှင့် ကဒ်ပြားများထုတ်ပေးနိုင်ရေး ဌာန၏ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို အောက်တိုဘာ (၃၁) ရက်က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်(PR)ကို နည်းဥပဒေထုတ်ပြန်ပြဋ္ဌာန်း၍ အမျိုးအစား(၄)မျိုး သတ်မှတ်ခွင့်ပြုပေးနေမှု၊ စတင်ဆောင်ရွက်ချိန်မှ လက်ရှိချိန်အထိ မိသားစု အပါအဝင် လျှောက်ထားသူ စုစုပေါင်း (၈၁၀)ဦးရှိပြီး မိသားစုအပါအဝင် (၆၉၉) ဦးအား စိစစ်အတည်ပြု ခွင့်ပြုပေး အခြေအနေများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်း အကဲဖြတ်ရန် ကျန်ရှိနေသူများနှင့် ပြီးခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးမှ စိစစ်ခွင့်ပြုသူများအနက် ယခုလူတွေ့မေးမြန်း အကဲဖြတ်မည့်သူ မိသားစုမပါ စုစုပေါင်း (၃၃)ဦးအား PR နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် မေးမြန်းအကဲဖြတ်ပေးနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ၎င်းကရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များသည် ဗဟိုကော်မတီမှ စိစစ် အတည်ပြုပြီးသည့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများကို တစ်ဦးချင်းတွေ့ဆုံကာ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များမှ သိရှိလိုသည်များ၊ ပြဋ္ဌာန်းထားသည့် PR နည်းဥပဒေအပေါ် သိရှိနားလည် လိုက်နာရေးနှင့် တည်ဆဲဥပဒေများနှင့်အညီ နေထိုင်နိုင်ရေး အခြေအနေများကို မေးမြန်း ဆွေးနွေးကြပြီး အကဲဖြတ် အတည်ပြုဆုံးဖြတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System)ဖြင့် ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၊ မြန်မာနိုင်ငံသားနှင့် သွေးချင်းစပ်ဆက်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား(၄)မျိုး သတ်မှတ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

အစည်းအဝေးတွင် ယခင်ကျန်ရှိသူ မိသားစုမပါ (၃၃) ဦးနှင့် ပြီးခဲ့သည့် အစည်းအဝေးမှ မိသားစုမပါ (၃၇) ဦး၊ စုစုပေါင်း (၇၀)ဦးအနက် လူတွေ့စစ်ဆေးခြင်းခံယူရန် အကြောင်းပြန်ကြားသူ မိသားစုမပါ (၃၃) ဦးအား လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

၎င်းတို့အား အတည်ပြုပြီးပါက အထက် အဆင့်ဆင့်သို့တင်ပြကာ အတည်ပြု ခွင့်ပြုသူများအား နေထိုင်ခွင့် လက်မှတ်နှင့် ကဒ်ပြားများထုတ်ပေးနိုင်ရေး ဌာန၏ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

imageimage